Home သတင်း KNU ၏ လမ်းစဉ်မူဝါဒအတိုင်း ဆက်လက်တိုက်ပွဲဝင်ကြရန် ဝင်းရေးမြို့နယ် KYO ခေါင်းဆောင် တိုက်တွန်း

KNU ၏ လမ်းစဉ်မူဝါဒအတိုင်း ဆက်လက်တိုက်ပွဲဝင်ကြရန် ဝင်းရေးမြို့နယ် KYO ခေါင်းဆောင် တိုက်တွန်း

883

မေလ ၂၄ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

မိခင် KNU -ကရင်အမျိုးသားအစည်းအရုံး၏ ချမှတ်ထားသော လမ်းစဉ် မူဝါဒများအတိုင်း ဆက်လက် တိုက်ပွဲ ဝင်ကြရန် ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် မအူကျေးရွာတွင် မေလ ၂၃ ရက်နေ့က စုပေါင်းကျင်းပသည့် ၃၃ ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံး(KYO)နေ့ အခမ်းအနားတွင် မြို့နယ်လူငယ်ခေါင်းဆောင်က တိုက်တွန်းပြောဆိုလိုက်သည်။

တော်လှန်ရေးအစုအဖွဲ့များတွင် တော်လှန်သည့်လမ်းစဉ်နှင့်တွေးခေါ်မှု မတူညီမှုများရှိကြသည့်အတွက် ပုဂ္ဂိုလ်စွဲ အစုအဖွဲ့စွဲများဖြင့် လုပ်ဆောင်မှုများရှိသည့်အပေါ် လူငယ်များအယုံမလွယ်ကြဘဲ မိမိတို့၏ မိခင်KNU ၏ လမ်းစဉ် မူဝါဒအတိုင်း ဆက်လက်တိုက်ပွဲဝင်သွားကြရန် ဝင်းရေးမြို့နယ် လူငယ်ခေါင်းဆောင်ဖြစ်သူ စောဆာလောအယ်က အခမ်းအနားတွင် ယခုလို တိုက်တွန်းပြောဆိုသည်။

“ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ စိတ်ခံစားမှုတွေအပေါ်မှာ တော်လှန်ရေးလုပ်နေကြတာ ရှိတယ်။ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိခဲ့ရင် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမပါဘဲ ဘယ်အစိုးရဖြစ်ဖြစ် လက်တွဲလို့ရတယ်။ တော်လှန်တဲ့အတွေးအခေါ်၊ မူဝါဒတွေ မတူညီကြဘူး။ အယုံမလွယ်ကြဘဲ မိခင် KNUရဲ့ ရှိရင်းစွဲလမ်းစဉ် မူဝါဒအပေါ်မှာ တော်လှန်တိုက်ပွဲဝင်သွားကြဖို့ ပြောချင်တယ်” ဟု သူက ပြောဆိုသည်။

၃၃ ကြိမ်မြောက် KYO နေ့အခမ်းအနားတွင် ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ ပဒိုစောမောင်ရွှေက လူငယ်များအား အားပေး စကားပြောကြားပြီးနောက် ပေးပို့သောသဝဏ်လွှာများကို ဖတ်ကြားခြင်း၊ အမျိုးသားရေးတွင် ဆောင်ရွက်ကြသည့် ထူးချွန်လူငယ်များအား ဂုဏ်ပြုခြင်းနှင့် KNU၏ လမ်းစဉ် မူဝါဒများနှင့် လက်ရှိနိုင်ငံရေး အခြေအနေများကို လူငယ်များအချင်းချင်းကြား ဆွေးနွေးဖလှယ်သွားခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်လာသူ ရှမ်းတိုင်းရင်းသားလူငယ်အဖွဲ့မှ စိုင်းချစ်သူက “ ဒီဒေသမှာရှိတဲ့ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုရှိအောင် တက်ရောက်လာတာပါ။ ကရင့်သမိုင်းတွေ၊ သူတို့တွေရဲ့ တော်လှန်ရေးပေးဆပ်မှုတွေ သိနားလည်လာရတယ်။ တန်းတူရေးအတွက် လူငယ်အချင်းချင်း လက်တွဲသွားမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လူငယ်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရန်နှင့် မိခင် KNU အစည်းအရုံး၏ နိုင်ငံရေး လမ်းစဉ် မူဝါဒများနှင့် လျှောက်လှမ်းနေသည့် တော်လှန်ရေးပန်းတိုင်အား အထောက်အကူပြုနိုင်ရန် ကရင်လူငယ်အစည်းအရုံး(KYO)ကို ၁၉၈၉ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။