Home သတင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ နယ်စပ်ဂိတ်များမှ ထိုင်းနိုင်ငံသို့ နေ့စဉ် ၀င်ရောက်နေ

မြန်မာရွှေ့ပြောင်းအလုပ်သမားများ နယ်စပ်ဂိတ်များမှ ထိုင်းနိုင်ငံသို့ နေ့စဉ် ၀င်ရောက်နေ

993
Photo: Crd.

မေလ ၂၄ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် အလုပ်အကိုင်ရရှိရေးအတွက် ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် နယ်စပ်ဂိတ် များမှတဆင့် ဖြတ်ကျော်ကာ နေ့စဉ် ၀င်ရောက်နေကြောင်း ကိုယ်တိုင် ဖြတ်သန်းခဲ့သူများနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရှိရသည်။

ထိုသို့ဝင်ရောက်ကြရာတွင် မြဝတီနယ်စပ်တစ်လျှောက်ရှိ ဂိတ်များထဲတွင် စစ်ကောင်စီ တပ်ဂိတ်၊ BGF ပူးပေါင်းအဖွဲ့ စစ်ဆေးရေးဂိတ်များ၊ အပစ်ရပ် DKBA ကင်းစခန်းနယ်မြေများ၊ ဌာနေပြည်သူ့စစ် ကင်းစခန်းဂိတ်များမှတစ်ဆင့် ထိုင်း ဘက်ခြမ်းသို့ ဖြတ်သန်း၀င်ရောက်နေမှုမှာ နေ့စဉ် တိုးလာနေသည်ဟု တရားမဝင်လမ်းကြောင်း(အောက်လမ်း)မှတဆင့် ဘန်ကောက်မြို့သို့ အလုပ်လုပ်ကိုင်ရန် သွားရောက်ခဲ့သူတစ်ဦးက ယခုလို ပြောသည်။

“ထိုင်းတက်ဖို့ မြ၀တီက စထွက်ကတည်းက စစ်ကောင်စီတပ်ဂိတ်ဆို တစ်ယောက် ဘတ် ၁၀၀၊ BGF က ဘတ် ၁၀၀၀၊ DKBA က ဘတ် ၁၀၀၀စီ ပေးရတယ်။ ထိုင်းဘက်ကူးခက ဘတ် ၅၀၀ လှေခဂိတ်ကြေးအပြီး ထိုင်းဘက်ကနေ ဘန် ကောက်အလုပ်ရုံအရောက် ကိုယ်သွားမယ့်နေရာ သူဌေးလာခေါ်မယ့် နေရာအရောက်ကို ဘတ် ၂၅၀၀၀ကနေ ဘတ် ၃သောင်းအထိ ရှိတယ်။ ကယ်ရီ(လူပို့ပွဲစား)က လမ်းကြေးအပြီး တောင်းတာလည်းရှိသလို ကိုယ့်အစီအစဉ်နဲ့ ပေးရတာ လည်းရှိတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုစည်းကမ်းများ ဖြေလျှော့ပြီး ခရီးသွားလာခွင့်၊ နယ်မြေဖြတ်သန်းခွင့်၊ နိုင်ငံ ခြားသားများ လာရောက်လည်ပတ်ခွင့်၊ စက်ရုံအလုပ်ရုံ၊ စားသောက်ဆိုင်လုပ်ငန်းများ ပြန်လည် ဖွင့်လှစ်ရန် ခွင့်ပြုချိန် တွင် အလုပ်သမားလိုအပ်ချက် ရှိလာသဖြင့် ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့သည့် ၂၀၂၀ခုနှစ်က မြန်မာပြည်သို့ပြန်လည် ရောက်ရှိနေထိုင်ကြသည့် မြန်မာအလုပ်သမားများမှာ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် ထပ်မံဝင်ရောက်လာခြင်းဖြစ် သည်။

ထိုသို့ ပြန်လည်၀င်ရောက်ရန် စစ်ကောင်စီဌာနများတွင် နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)နှင့် ဗီဇာသက်တမ်းတိုးမှု လုပ် ဆောင်ရန် အခက်အခဲများရှိနေသည့်အတွက် မြ၀တီနယ်စပ်တစ်လျှောက်တွင် တရားမ၀င် လမ်းကြောင်းများမှ ထိုင်း နိုင်ငံအတွင်းသို့ နေ့စဉ် ရာနှင့်ချီ၍ နယ်စပ်ဖြတ်ကျော် ၀င်ရောက်နေဆဲဖြစ်ပြီး ထိုင်းနယ်ခြားစောင့်စစ်တပ်၊ ထိုင်းလူ၀င် မှုကြီးကြပ်ရေးနှင့် ထိုင်းရဲတပ်ဖွဲ့များက နေ့စဉ် ဖမ်းဆီးမှုများရှိနေကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှတစ်ဆင့် MOU အစီအစဉ်ဖြင့် အလုပ်သမား ၁၀၀၀ ကျော်ကို ၂၀၂၂၊ မေလ ၅ရက်မှ မေလ ၂၀ရက်နေ့ကျော်အထိ ထိုင်းနိုင်ငံအတွင်းပိုင်း လုပ်ငန်းခွင်သို့ ပို့ဆောင်ခဲ့ပြီးဖြစ်သော်လည်း လူကယ်ရီပွဲစားအစီ အစဉ်ဖြင့် တရားမဝင်လမ်းကြောင်းဖြင့် သွားရောက်ကြသည့် အလုပ်သမားအရေအတွက်မှာ ပို၍များပြားသည်ဟု မြ၀တီမြို့ရှိ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးက ယခုလို ပြောသည်။

သူက “အောက်လမ်း ပို့တဲ့လုပ်ငန်းက ဟိုးအရင် ဆယ်စုနှစ် ၃ခုလောက်ကတည်းက မလေးရှားနဲ့ ထိုင်းဘန်ကောက်ကို လူတွေ လမ်းလျှောက်၊ တောင်ကျော်သွားတဲ့ ခေတ်ကတည်းက စစ်တပ်ကိုပေး၊ DKBA ကိုပေးပြီးသွားခဲ့ကြတဲ့လမ်း ကြောင်းက အခုထိ မပျက်သေးဘူး။ နေ့စဉ် ဘန်ကောက်ကို ပုံစံအမျိုးမျိုး၊ လမ်းကြောင်းအမျိုးမျိုးကနေ သွားနေကြတာ မှာ ဖမ်းမိတာတွေကလည်း အမြဲရှိနေတာပါပဲ။ ဒါကလည်း နယ်စပ်မြို့က လက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်တဲ့သူတွေ၊ ဆွေမျိုးမိသားစု၀င်တွေပဲ ဒီလူပို့တာ၊ ထိုင်းဘက်-မြန်မာဘက် ချိတ်ဆက်ပြီးလုပ်ကြတာ များတယ်။”ဟု ပြောသည်။

ယင်းသို့ နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံတွင် ၀င်ရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အခြေအနေမှာ စစ်တပ်က အာဏာသိမ်းခဲ့အပြီး နောက်ဆက်တွဲ အလုပ်ကိုင်ရှားပါးလာမှု၊ ဒေသတွင်း စီးပွားရေး၊ လူမှု ရေးနှင့် နိုင်ငံရေး မတည်ငြိမ်တော့သည့်ကာလဖြစ်၍ အိမ်နီးချင်း ထိုင်းနိုင်ငံဘက်သို့ အလုပ်လုပ်ကိုင်ရန် သွားရောက် ကြရာတွင် တရားမ၀င်လမ်းကြောင်းများ၊ တရား၀င် MOU အစီအစဉ်လမ်းကြောင်းများဖြင့် သွားရောက်အလုပ်လုပ်ရန် ထွက်ခွာလာကြခြင်းဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

ထိုသို့ လုပ်ဆောင်ရာတွင် အလုပ်သမား အခွင့်အရေး၊ လုပ်ခလစာ၊ လူမှုဖူလုံရေး ခံစားခွင့်၊ လုပ်ငန်းခွင် မတော်တဆမှု လျော်ကြေး၊ နစ်နာကြေးများနှင့် ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအရ တရား၀င် အခွင့်အရေးများရရှိရန် MOU စနစ်ဖြင့် သွားလာလုပ်ကိုင်ကြစေလိုသည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက တိုက်တွန်းပြော ဆိုနေကြသည်။

၎င်းအပြင် တရားမ၀င် လမ်းကြောင်းများမှ ၀င်ရောက်ကြသူများအနေဖြင့် လမ်းခရီးတွင် မတော်တဆ ယာဉ်တိမ်း မှောက်မှုများ၊ ပစ်ခတ်ဖမ်းဆီးခံရမှုများ၊ လူကုန်ကူးပွဲစားများ၏ တောတွင်း စွန့်ပစ်ထားခဲ့မှုများ၊ ကားထဲတွင် အသက်ရှူ ကြပ်ကာ သေဆုံးရမှုများ၊ အလုပ်သမား အထောက်အထားမရှိသဖြင့် လုပ်ငန်းခွင် ရပိုင်ခွင့်များ၊ လျော်ကြေး၊ နစ်နာ ကြေးများ မရရှိသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ထိုအခြေအနေများ ကြုံတွေ့ရနိုင်သည့်အတွက် နယ်စပ်ဖြတ်ကျော် ၀င်ရောက်မှုကို လျှော့ချကာကွယ်နိုင်ရန် ထိုင်း-မြန် မာ MOU အစီအစဉ်များ ချောမွေ့မြန်ဆန်ပြီး မြန်မာအလုပ်သမားများ လိုအပ်ချက်အမှီ ပို့ဆောင်နိုင်ရန် နှစ်ဘက်ဌာန ဆိုင်ရာများ၊ ရုံးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ပြီး နယ်စပ်တံတားများ ပြန်လည်ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်သင့် ကြောင်း မဲဆောက်မြို့ရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး လုပ်ဆောင်သူများက ပြောဆိုနေကြသည်။