Home သတင်း ၃၃ နှစ်မြောက် ကရင်လူငယ်အစည်းအရုံးနေ့ အထိမ်းအမှတ်စကား

၃၃ နှစ်မြောက် ကရင်လူငယ်အစည်းအရုံးနေ့ အထိမ်းအမှတ်စကား

1016

၃၃ နှစ်မြောက် ကရင်လူငယ်အစည်းအရုံးနေ့ အထိမ်းအမှတ်စကား

၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ကရင်လူငယ်အစည်းအရုံး(KYO) ဖွဲ့စည်းတည် ထောင်ခြင်း ၃၃ နှစ်ပြည့်မြောက်ပြီဖြစ်သည်။

ကရင့်အမျိုးသားတော်လှန်ရေးအောင်မြင်ရန်အတွက် လူငယ်များ၏ အခန်းကဏ္ဍ အရေးပါပုံနှင့်ပတ်သက်ပြီး ယခုနှစ်ကျရောက်သော ကရင်လူငယ်အစည်းအရုံးနေ့ အမှတ်တရအနေဖြင့် လူငယ်အချို့၏ အမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

နော်အယ်နီအောင် ( သံတောင်ကြီးဒေသ)
ယနေ့ လူငယ် နောင်ဝယ်လူကြီး ဆိုသလိုပဲ တစ်နေ့ကျရင် လူကြီးတွေရဲ့ တာဝန်ကို ပုခုံးပြောင်း ထမ်းဆောင်ရမယ့် လူငယ်တွေဖြစ်တယ်။ ကျမတို့ အနာဂတ်မှာ ကျမတို့ လိုချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ဘယ်လိုတည်ဆောက် ကြမလဲဆိုရင် အခုချိန်က တည်းက ကျမတို့ လူငယ်တွေ တတ်နိုင်တဲ့ ဘက်ကနေ လေ့လာထားရမဲ့ ပညာတွေ လေ့လာထားဖို့လိုတယ်။ ကျမတို့ ငယ်ငယ်တုန်းက ကျောင်းစာတွေမှာ မှားယွင်းတဲ့ သမိုင်းတွေကိုပဲ သင်ကြားခဲ့ရတယ်။ Brainwash လုပ်ခံထားခဲ့ရတယ်။ အဲ့တော့ နိုင်ငံရေးက ကျမတို့နဲ့ မဆိုင်ဘူးလို့ပဲ သိထားခဲ့ကြတယ်။ နိုင်ငံရေးသာပြောပေမဲ့ နိုင်ငံရေးက ဘာမှန်း မသိခဲ့ကြဘူး။ ဒီမိုကရေစီ ရခဲ့ပေမဲ့ ဒီမိုကရေစီရော စစ်မှန်ရဲ့လားဆိုတာ ကျမတို့ လူငယ်တွေအနေနဲ့ စဉ်းစားဖို့ လိုတယ်။

ကျမတို့ လူငယ်တွေအနေနဲ့ အခု လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အနေအထားပေါ်မှာကျမတို့ လူငယ်တွေက လူကြီးတွေကိုပဲ အပြစ်တင် ပြောဆိုနေပြီးတော့ ထောက်ပြနေတာမျိုးမဟုတ်ဘဲနဲ့ ကျမတို့ တကယ်တာဝန်လွှဲပြောင်းခြင်း ခံခဲ့ရရင် ကျမတို့ လိုချင်တဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတာကို တိုက်တွန်းပြောကြား ရင်းနဲ့ပဲ ယနေ့ကျရောက်တဲ့ ၃၃ နှစ်မြောက် ကရင်လူငယ်နေ့ကို ကြိုဆို ဂုဏ်ပြုလိုက်ပါတယ်။

စောဆူးခက် ( နယ်စပ်ဒေသ ကရင်လူငယ်)
တော်လှန်ရေးအောင်မြင်ဖို့အတွက် လူငယ်တွေဟာ အရေးကြီးသည်သာမက ( အဓိက )ကျတဲ့ အခန်းကဏ္ဍ မှာ လိုအပ်ပြီး အရေးပါပါတယ်။ တော်လှန်ရေး အောင်မြင်ဖို့အတွက် လူငယ်တွေဟာ အထူးသဖြင့် စစ်ရေးနဲ့ နိုင်ငံရေး အခန်းကဏ္ဍတွေမှာ အရေးကြီးပါတယ်။ အခုလက်ရှိ တော်လှန်ရေးထဲမှာလည်း တိုက်ရခိုက်ရတဲ့ စစ်မြေပြင်မှာ လူကြီးတွေထက် လူငယ်တွေကပဲ ပိုစွမ်းဆောင်နိုင်ပါတယ်။ အဲဒါကြောင့် လူငယ်တွေဟာ တော်လှန်ရေး အောင်မြင်ဖို့အတွက် အဓိကကျတဲ့ အခန်းကဏ္ဍမှာ အရေးပါနေပါတယ်။

ဒီလိုပြောတာဟာ လူကြီးတွေကို ဥပက္ခာပြုပြီး ပြောတာ မဟုတ်ပါဘူး။ လူကြီးတွေရဲ့ လမ်းညွှန် ကွပ်ကဲမှုနဲ့အောက်မှာ လူငယ်တွေတည်ရှိနေပြီး အကောင်အထည် ဖော်လုပ်ဆောင်ရာမှာ အရေးကြီး၊ အရေးပါတဲ့ လူငယ်ရဲ့ အခန်းကဏ္ဍကို ဖော်ဆောင်ပြီးပြောတာပါ။ ဘယ်လိုအခန်းကဏ္ဍမှာ အားဖြည့် ပါဝင်ကူညီရမလဲဆိုတော့ အခန်းကဏ္ဍတိုင်းမှာ ပါဝင်ပြီး အားဖြည့်ကူညီဖို့လိုအပ်ပါတယ်။ ဘာဖြစ်လဲဆိုတော့ နိုင်ငံတစ်နိုင်ငံမှာဖြစ်စေ အဖွဲ့အစည်းတစ်ခုဖြစ်စေ လူငယ်ဆိုတာဟာ အဓိက ကျောရိုးဖြစ်ပါတယ်။ လူငယ်တွေဟာ ပစ္စုပ္ပန်ရဲ့ အားအင်ဖြစ်နေပြီး အနာဂတ်ရဲ့ ဦးဆောင်သူဖြစ်နေလို့ပါပဲ။ ဒါကြောင့် အခန်းကဏ္ဍတိုင်းမှာ လူငယ်တွေ ပါဝင်ပြီး အားဖြည့်ကူညီဖို့ တကယ်လိုအပ်နေပါတယ်။

နော်ဝါဆို (ဖားအံခရိုင်-စည်းရုံးရေးဌာန)
ကျမတို့ လူငယ်တချို့ ပြန်ကြည့်မယ်ဆိုရင် ကျောင်းတွေ ပြီးသွားကြပေမဲ့ တချို့က အဖွဲ့အစည်းတွေမှာ ဝင်လုပ်ကြပေမဲ့ တချို့က မလုပ်နိုင်ကြဘူး။ ဘန်ကောက်လို တိုင်းတပါးတွေ ထွက်သွားကြတယ်။ တချို့က ကျောင်းသာပြီးသွားတယ် ကိုယ့်အမျိုးသား နေ့ထူးနေ့မြတ်တောင် မသိကြတဲ့သူတွေရှိတယ်။ အဲ့အတွက် သူတို့ကိုယ်တိုင် လေ့လာသင်ယူစရာတွေရှိသလို ခေါင်းဆောင်တွေ အနေနဲ့လည်း ကွင်းဆင်းစည်းရုံးနိုင် ဖို့လိုတယ်။

လူငယ်တွေအနေနဲ့ အဖွဲ့အစည်းတွေလုပ်ဆောင်တဲ့ နေ့ထူးနေ့မြတ်တွေလိုဟာမျိုးကနေ ပါဝင်ကြပြီးတော့ ခေါင်းဆောင်ကြီးတွေနဲ့ အလုပ်အတူတူ လုပ်ကြရင်း အနာဂတ်မှာ တော်လှန်ရေး အောင်မြင်နိုင်ဖို့က ခေါင်းဆောင်တွေနဲ့ အတူ တကွ ပူးပေါင်းလုပ်ဆောင်ပြီး သိကျွမ်းနားလည်တဲ့ လူငယ်တွေအနေနဲ့လည်း ကွင်းဆင်း စည်းရုံးပြီး သင်တန်းတွေ များများပေးနိုင်ဖို့လိုတယ်။ နောက်လာမဲ့ မျိုးဆက်အတွက်လည်း များများ စည်းရုံးနိုင်ဖို့လိုတယ်။

စောဂျက်ပစီ (စည်းရုံးရေး(ဗဟို)ဌာန)
ရာခိုင်နှုန်းနဲ့ ပြောရရင် အတော်တော်အရေးပါတယ်။ ၇၀၊ ၈၀ ရာခိုင်နှုန်းလောက် အရေးပါ တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ နေရာတိုင်း အခန်းကဏ္ဍတိုင်းမှာတော့ သူတို့ကိုယ်တိုင် ဦးဆောင်ပါဝင်တာ မျိုး မဟုတ်ဘဲနဲ့ သူတို့သည် ဝန်းရံပေါ့နော် ပါဝင်တဲ့အပိုင်းတွေ တအားလိုအပ်တယ်။ ဘာဖြစ်လဲဆိုတော့ ကရင်စကား ပုံတစ်ခုအတိုင်းပဲ မျိုးဆက်တစ်ခုသွားပြီးရင် နောက်မျိုးဆက်တစ်ခုက ထပ်တက်လာရမှာဖြစ်တယ်။ ဒါကြောင့်မို့လို ဒီမျိုးဆက်သစ်တွေ ပါမလားဘူးဆိုရင် ခါးပြတ်သွားတယ်။ ဒီတော်လှန်ရေး မောင်းနှင်အားကလည်း အားပျော့သွားနိုင်တယ်။

အထူးသဖြင့် လုပ်ရင်းသင်ရင်းလုပ်တဲ့ပုံစံမျိုးနဲ့ သူတို့ ရှိတဲ့နေရာ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍတွေမှာ အဓိက အားဖြည့် ပါဝင်ရင်းနဲ့ပဲ သူတို့ ဒီတော်လှန်ရေး လမ်းကြောင်းကို သင်သွားမယ်။ တော်လှန်ရေးရဲ့ အနှစ်သာရကို လေ့လာသွားမယ်။ သူတို့ လုပ်ဆောင်သွားမယ်ဆိုရင် နောင်တချိန် သူတို့ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ ပြန်ရောက် လာတဲ့ အခါမှာဆိုရင် အများကြီး အကျိုးပြုသွားမယ်လို့တော့ မြင်တယ်။

နမ့်ထီးထာ (ဧရာဝတီတိုင်း ကရင်လူငယ်)
ဘယ်နိုင်ငံမှာမဆို လူငယ်တစ်ဦးတစ်ယောက်ရဲ့ ကဏ္ဍဟာအရမ်းအရေးကြီးပါတယ်။ ခုတော်လှန်ရေးမှာဆို ဖိနှိပ်မှုနဲ့လွတ်လပ်မှုအတွက် လူငယ်တိုင်းက ထောင့်ပေါင်းစုံ ကနေပါဝင်လာကြတာကိုတွေ့ရပါတယ်၊ တော်လှန်ရေးအတွက် စစ်ရေး၊ နည်းပညာ၊ သတင်းအချက်အလက် စတဲ့နေရာကဏ္ဍအသီးသီး ကနေလုပ်ဆောင်နေကြပြီး အဆုံးသတ်တော်လှန်ရေးအောင်မြင်ရေးအတွက် ကောင်းမွန်သောနိုင်ငံ စနစ်တည်ဆောက်နိုင်ရေးအတွက် လူငယ် လူငယ်တိုင်းကဦး ဆောင်မှုနဲ့ချီတက်တည်ဆောက်နေကြပါပြီ ဘယ်အရာမဆို လူငယ်အင်အားနဲ့ ပဲမရပါဘူးလူကြီးတွေ နဲ့ချိတ်ဆက်အလုပ်လုပ်နိုင်ဖို့ကလည်းအဓိကပါပဲ။ လူငယ်နဲ့လူကြီး ပူးပေါင်းဆောင်ရွက် မှုအားကောင်းလာသရွေ့ တော်လှန်ရေးကြီးဟာ အမြန်ဆုံးပြီး ဆုံးနိုင်မယ်လို့ထင်ပါတယ် လူငယ်က အတိတ်ဖြစ်တယ်။ လူငယ်ကပစ္စုပ္ပန်ဖြစ်တယ်။ လူငယ်က အနာဂတ်ဖြစ်တယ်။ ကျမတို့ လူငယ်တိုင်းမှာ အိမ်မက်ရှိပါတယ်။

စောမိုးအယ် (ပြည်မ ကရင်လူငယ်)
တော်လှန်ရေးတစ်ခု အောင်မြင်ဖို့ဆိုတာက လူငယ်တွေရဲ့ အခန်းကဏ္ဍက အဓိကအားဖြင့် ထိပ်ဆုံးက ပါဝင်နေတယ်။ ဘယ်နိုင်ငံပဲ ကြည့်ကြည့် တော်လှန်ရေးတစ်ခု ဆင်နွှဲလိုက်တိုင်း လူငယ်တွေက ထိပ်ဆုံးကပဲ ပါနေတာ တွေ့ရမယ်။ အဲ့တော့ တော်လှန်ရေးလို့ ပြောလို့ရှိရင် လူငယ်တွေရဲ့ အခန်းကဏ္ဍက တပါတည်းတွဲပါနေတာပဲ။

ဒီကရင့်တော်လှန်ရေး အောင်မြင်ဖို့ဆိုရင်လည်း ကျနော်တို့ကရင်မှာဆိုရင် မိခင်ကေအဲန်ယူ အဖွဲ့အစည်းလိုမျိုးရှိတယ်။ အဲ့မှာဆိုရင် စစ်ရေးကော အုပ်ချုပ်ရေးကောရှိနေတယ်။ အုပ်ချုပ်ရေးမှာ ၇ ခု စစ်ရေးမှာ ၇ ခု အားလုံး ၁၄ ဌာနရှိတဲ့အတွက် ကျနော်တို့တတွေအနေနဲ့ အများကြီး ပါဝင်လို့ရတယ်။ ကိုယ်သင်ကြားတတ်မြောက်ထားတဲ့ ပညာတွေအလိုက် အုပ်ချုပ်ရေးမှာပါဝင်လို့ရသလို စစ်ရေးပိုင်းမှာလည်း ပါဝင်လို့ရတယ်။

အဓိက ပြည်မမှာရှိတဲ့ လူငယ်တွေရော ဒီထိန်းချုပ်နယ်မြေမှာရှိတဲ့ လူငယ်တွေရော အရေးကြီးတာက ကရင် တော်လှန်ရေး အောင်မြင်ဖို့အတွက်က ဒီနိုင်ငံမှာဆက်နေပြီးတော့ လုပ်ဆောင်မှပဲရမှာ။ အစ္စရေး ပညာတတ် လူငယ်တွေက သူတို့ နိုင်ငံပြန်ထူထောင်ဖို့အတွက် တခြားနိုင်ငံတွေကနေ သူတို့ရှိသမျှအရာတွေကို စွန့်ပြီးတော့ သူတို့ပါဝင်ကြတယ်။ နိုင်ငံတကာရောက်နေတဲ့ ကရင်လူငယ်ပညာတတ်တွေ အများကြီးရှိတယ်။ သူတို့တွေရဲ့ စွန့်လွတ်နိုင်မှုက ကျနော်တို့ ဒီတော်လှန်ရေးမှာ အများကြီး အရေးပါတယ်။