Home သတင်း ဖားအံမြို့နယ် တန် ၉၀၀ ဘိလပ်မြေစက်ရုံအနီး ကားတစ်စီး ပစ်ခတ်ခံရ၍ ၁ဦးသေ၊ ၂ဦး ဒဏ်ရာရ

ဖားအံမြို့နယ် တန် ၉၀၀ ဘိလပ်မြေစက်ရုံအနီး ကားတစ်စီး ပစ်ခတ်ခံရ၍ ၁ဦးသေ၊ ၂ဦး ဒဏ်ရာရ

1549

မေလ ၂၆ ရက် ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ဖားအံ-သထုံလမ်းမကြီး တန် ၉၀၀ မြိုင်ကလေးဘိလပ်မြေစက်ရုံအနီးတွင် ယမန်နေ့ မေလ ၂၅ ရက် နံနက်ပိုင်းက ဖားအံမှ မောင်းနှင်လာသည့် ကားတစ်စီးအား စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ယာဉ်မောင်း ၁ ဦးသေဆုံးပြီး ယာဉ်ပေါ်တွင် လိုက်ပါစီးလာသူ ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဖားအံမြို့တစ်ဖက်ကမ်း တန် ၉၀၀ မြိုင်ကလေးဘိလက်မြေစက်ရုံ စျေးနား၌ ယမန်နေ့ နံ နက် ၁၀ နာရီခန့်အချိန်တွင် သံလွင်တံတားဂိတ်ကိုဖြတ်ကာ မြိုင်က လေးဘက်သို့ မောင်းနှင်လာသော စူပါကာစတန်ကားတစ်စီးပေါ်တွင် လက်နက် အချို့သယ်ဆောင်လာသည်ဟုဆိုကာ စစ်ကောင်စီတပ်များက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခြင်းကြောင့် ယာဉ်ပေါ်ရှိ ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ပြီး ဒူးရင်းစျေးသည် နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ မျက်မြင်တစ်ဦးက “ကျနော်က သထုံဖက်ကပြန်လာတော့ Super custom တစ်စီးလုံးနီးပါး ကျည်ပေါက်ရာနဲ့ လမ်းဘေးရပ်နေတာ ကားပေါ်ကနေ တွေ့လိုက်တယ်။ ကားအုံနာက သူ့ကားကို ပြန်တက်မောင်းချိန်မှာ သေနတ်နဲ့လှမ်း ပစ်တာခံရပြီး သေသွားတယ်။ ”ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် သံလွင်တံတားဘက်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် စစ်သားများက ယနေ့အထိ စောင့်ကြည့်စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသခံများက ပြောသည်။

ယခင်လ ဧပြီလ ၂ ရက်နေ့တုန်းကလည်း မြိုင်ကလေး ဖိုးရှိုးတောင်အနီးရှိ ဘိလက်မြေစက်ရုံအတွက် ရေတင်ပေးနေသည့် ရေစက်၌ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သေးသည်။