Home သတင်း လေးကေကော် ဒေသစစ်ဘေးရှောင်များ မိုးရာသီကာလ အခက်အခဲပေါင်းစုံကြုံတွေ့နေရ၊ နေရပ်ပြန်လိုကြဟုဆို

လေးကေကော် ဒေသစစ်ဘေးရှောင်များ မိုးရာသီကာလ အခက်အခဲပေါင်းစုံကြုံတွေ့နေရ၊ နေရပ်ပြန်လိုကြဟုဆို

940

မေလ ၂၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ လေးကေကော် စစ်ဘေးရှောင်ပြည်သူများသည် မိုးရာသီကာလအတွင်း နေရေး၊ စားသောက်ရေးအပြင် ကျန်းမာရေးနှင့်ပညာရေးကိစ္စများ ပြည့်စုံလုံလောက်မှုမရှိသည့် အခက်အခဲ များကြုံတွေ့နေကြရပြီး မိမိနေအိမ်များသို့ ပြန်နေလိုကြကြောင်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်သူများက ပြောသည်။

စစ်ကောင်စီ၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး တိုက်ပွဲများကြောင့် ၆ လကျော်ကြာ နေရပ်စွန့်ခွာ စစ်ဘေးရှောင် နေရသည့် လေးကေကော် ဒေသမှ သက်ကြီးဘိုးဘွားများ၊ ကိုယ်၀န်ဆောင်သည်များ၊ မွေးဖွားပြီးစမိခင်များ ၊ ကျောင်းနေအရွယ် ကလေးငယ်များအနေဖြင့် ယခုမိုးတွင်းကာလအတွင်း စား၀တ်နေရေး၊ ကျန်မာရေး ၊ပညာရေး ကိစ္စများအတွက် အခက်အခဲများ ကြုံတွေ့နေကြရပြီး မိုးမကြီးမီ ကိုယ့်အိမ်ကိုယ့်နေရာ ပြန်ချင်နေကြကြောင်း စစ်ဘေးရှောင်စခန်းနေထိုင်သူ အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“စစ်ဘေးရှောင် စခန်းက အလှူရှင်တွေ ပေးဝေတဲ့ဟာနဲ့ စားသောက်ရင်း ကိုယ့်အိမ်ကိုယ့်နေရာ ဘယ်တော့ပြန်လို့ရမလဲတွေးရင်းနေနေရတယ်။ အခုမိုးတွင်းအတွက် စား၀တ်နေရေး၊ ကျန်းမာရေး ၊ ပညာရေးကိစ္စတွေ မလုံမလောက်နဲ့ နေနေကြရတယ်၊ လူက ထောင်ချီရှိနေတာမို့ အမြဲပူပင်ကြောင့်ကြ ပြီးနေနေရတယ်။ ကိုယ့်နေရာကိုယ်ပြန်ချင်နေကြပြီး” ဟု ကျောက်ခက် ကျေးရွာစစ်ရှောင်အစုတွင် နေထိုင် ခိုလှုံနေသည့် စစ်ရှောင်အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လေးကေကော် တိုက်ပွဲစဖြစ်သည့်နေ့ကတည်းက စစ်ရှောင်လာရပြီး ယခု ကျောက်ခက်ကျေးရွာ ယာယီစစ်ရှောင်အစုတွင် သားတစ်ဦးနှင့်အတူ ခိုလှုံနေသူ အဆိုပါ စစ်ရှောင်အမျိုးသမီးသည် စစ်ရှောင်နေရင်း သူမ၏မြေးဖြစ်သူလည်း အသက်ဆုံးရှုံးသွားခဲ့သလို ယောက်ျားနှင့် သား၊ ချွေးမဖြစ်သူတို့လည်း တစ်နေရာစီ နေထိုင်နေကြရသည်ဟု ပြောသည်။

တိုက်ပွဲများကြောင့် ကေးကေကော် ရပ်ကွက် ၆ ခု အပါအ၀င်၊ ပဟိကလော်၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူ ဖလူကြီး၊ ဖလူးလေး၊ ကျောက်ခက်နှင့် မင်းလက်ပံ ဒေသခံများ စုစုပေါင်း စစ်ဘေးရှောင် လူဦးရေ (၇,၀၀၀) ကျော် ရှိပြီး သက်ကြီးဘိုးဘွား ၅၀ ဦးကျော်နှင့် ကိုယ်၀န်ဆောင်မိခင်လောင်း ၅၀ ဦးခန့်ရှိသည်။ ထို့အပြင် မွေးကင်းစ ကလေးငယ် ၁၀ ဦးထက်မနည်းရှိပြီး ကျောင်းနေအရွယ် ကလေး ၅၀၀ ခန့်ရှိနေကြောင်း စစ်ဘေးရှောင်စခန်း ကူညီစောင့်ရှောက်သူများ၏ အချက်အလက်များအရ သိရသည်။

၎င်းအပြင် ဒေါနအရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင် စခန်းအစုအဖွဲ့ ၇ နေရာရှိသည့်အနက် လေးကေကော်သူကြီး စစ်ဘေးရှောင်စခန်းတွင် ကြားကာလ ပညာရေး အစီအစဉ်များဖွင့်လှစ်ပေးထားပြီး ကျောင်းသူ၊ ကျောင်းသား ၂၅၀ ခန့်အား ဒေသတွင်း ကော်သူးလေပညာရေး ဆရာ၊ ဆရာမများနှင့် ဒေသခံပညာရေး ဝိုင်း၀န်းကူညီပေးနေသူ ပေါင်း ၁၉ ဦးတို့က သင်ကြားရေးအစီအစဉ်များရေးဆွဲကာ အသက်အပိုင်းအခြားအလိုက် ဘာသာရပ် ဆိုင်ရာ သင်ရိုးများပြုစု၍ သင်ကြားပေးနေကြောင်း သိရှိရသည်။

“ဒီမှာက သူတို့ဒေသ သူတို့နေရာ အားလုံးပြန်နေချင်ကြပြီ၊ ကျနော်လည်း ပြန်ချင်တယ်၊ အဲ့ဒီမှာက ပြည်သူရဲ့ အသက်၊ အိုးအိမ်ဘယ်သူက တာ၀န်ခံမလဲပေါ့။ လုံခြုံမှုအာမမခံနိုင်တဲ့ အခြေအနေမှာ စိတ်ခံစားမှုတွေကဒီစစ်ရှောင်နေရတဲ့ကာလမှာ ဘယ်သူမှ မလုံခြုံဘူး။ ဘယ်အချိန် ဘာဖြစ်မလဲ၊ လေယာဉ်ဗုံးကြဲမလား၊ လက်နက်ကြီးပစ်ထုတ်မလား၊ စစ်ကြောင်းက လာမွှေမလား။ ပေါ်တာ ဖမ်းခေါ်သွားမလား၊ ဘာမဆို ဖြစ်သွား နိုင်တယ်။ အခုဆို မိုးကြီးလေကြီး ကျပြီး ရေကြီးတာပါ ထပ်ခံစားနေကြရတယ်”ဟု လေးကေကော် ဒေသ အုပ်ချုပ်ရေး တာ၀န်ရှိသူတစ်ဦးက ပြောသည်။

၎င်းတာဝန်ရှိသူက ဆက်လက်၍ “အဓိကကတော့ ဒီဒေသက အရပ်သားပြည်သူတွေ လုံခြုံမှုမရှိတဲ့ ဟာကို ပြောရင် ကိုယ့်ဒေသမို့ ပြောတယ် ဖြစ်မယ်၊ အခုက တစ်နိုင်ငံလုံးက ပြည်သူတွေ လုံခြုံ မှုမရှိတာမျိုး ဖြစ်နေ တာလို့ပြောရင် ပိုမှန်မယ်” ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ ၆ ဒေသ ဒေါနတောင်အရှေ့ခြမ်း မြ၀တီ -ဝေါလေ လမ်းပိုင်း မှ ကနဲလေး-မောခီး ၊ ကလော့ထော်- စခန်းသစ် ၊ တဥုထ၊ တနော်ထ၊ စုကလိဒေသအတွင်း နယ်ကျော်၀င်ရောက် တပ်စွဲထားသည့် စစ်ကောင်စီ စစ်စခန်းများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုး သားကာကွယ်ရေးတပ်ဖွဲ့- KNDO ပူးပေါင်းအဖွဲ့များအကြား စစ်ရေးတင်းမာမှုများ ဆက်လက် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယင်းဒေသရှိ ဒေသခံများအနေဖြင့် ထိုင်း-မြန်မာ နယ်စပ် ဖုတ်ဖရ၊ အုန်းဖျံဒေသ တစ်လျှောက် နှစ်နိုင်ငံ နယ်စပ်ကျေးရွာများဘက်တွင်လည်း စစ်ဘေးရှောင် ယာယီခိုလှုံနေထိုင်နေရသူ ၅,၀၀၀ ဦး၀န်းကျင်ခန့်ရှိနေ ကြောင်း စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး အထောက်အကူပြုအဖွဲ့များ၏ ကောက်ခံထားသည့် စာရင်းအရသိရှိရသည်။

လေးကေကော်ဒေသ စစ်ရှောင်များ စာရင်းနှင့် ပေါင်းလျှင် ဒေါနတောင်အရှေ့ခြမ်းဘက်တွင် စစ်ဘေးရှောင် လူဦးရေ ၁၅,၀၀၀ ကျော်ရှိနေပြီး စားသောက်စရာ နေရာထိုင်ခင်းနှင့် ကျန်မားရေး၊ ပညာရေး လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း စစ်ရှောင်ကူညီစောင့်ရှောက်သူများကပြောသည်။