Home သတင်း ပေါင်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီးမှုများရှိနေ

ပေါင်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီးမှုများရှိနေ

1009
Photo: CJ

မေလ ၂၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အလှပ်ကျေးရွာအုပ်စုတွင် ယမန်နေ့ မေလ ၂၄ ရက် နေ့လည် ၁၁ နာရီခွဲ အချိန်၌ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘုန်းကြီးကျောင်း အများအပြားအမိုးလှန်ပြီး ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

လေဆင်နှာမောင်း ၃ မိနစ်ခန့် ဝင်ရောက်တိုက်ခတ်မှုကြောင့် အလှပ်ကျေးရွာအုပ်စုအတွင်း လူနေအိမ် ၉၁ လုံး ခန့်နှင့် ဘုန်းကြီးကျောင်း ၄ ကျောင်း ခေါင်မိုးသွပ်များ အမိုးလှန်ပျက်စီးခဲ့ပြီး လူနေအိမ် ၅ လုံးပြိုကျခဲ့သည့်အပြင် ပြည်သူတစ်ဦးမှာ လည်ပင်းထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံရွာသားတစ်ဦးက ယခုလိုပြောပြသည်။

၎င်းက “အားလုံးထိတာက ၉၁ အိမ်၊ ဘုန်းကြီးကျောင်းအပါအဝင်ပေါ့ ။ ၉၁ အိမ်လုံး အမိုးလှန်သွားတယ်။ တစ်ချို့အိမ်ဆို တစ်အိမ်လုံး ယိုင်သွားတာပေါ့။ ရွာမှာတော့ သဘာဝဘေးအမြဲသင့်တယ်။ ဒီနေ့တော့ လူကြီးတွေ လာကြည့်မယ်လို့ ပြောတယ်။ အခု မိုးကတော့ရွာတစ်ချက်၊ မရွာတစ်ချက်ပဲ သပြေကုန်း၊ ညောင်ကုန်းလေး ဘက်ကရွာတွေလည်း မနေ့က ထိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

Photo: CJ

အဆိုပါ လေဘေးသင့်ပြည်သူများအား မွန်ပြည်နယ် ကောင်စီ ဥက္ကဋ္ဌ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ယနေ့ ကူညီထောက်ပံ့မှုပစ္စည်းအချို့ကို ထောက်ပံ့ပေးသွားမည်ဟု ဒေသခံများက ဆိုသည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ကလည်း မော်လမြိုင်မြို့နှင့် အခြားမြို့နယ်အသီးသီး၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် သစ်ပင်ကျိုးကျမှုများ ဖြစ်ပွားခဲ့သေးသည်။

ပေါင်မြို့နယ်အပါအဝင် တခြားမြို့များတွင်လည်း လေဆင်နှာမောင်းဝင်ရောက် တိုက်ခတ်မှုကြောင့် လူနေအိမ်များစွာ ပျက်စီးဆုံးရှုံးမှုများ ရှိနေပြီး ယခုမေလအတွင်းမှစ၍ ရေကြီးရေလျှံမှုများနှင့် သဘာဝ ဘေးအန္တာရာယ် ကြုံတွေ့ရနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနက အသိပေးကြေညာထားသည်။