Home သတင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ကရင်ဒေသရှိ စစ်ရှောင်ကလေးများ ဖျားနာပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေ

မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ကရင်ဒေသရှိ စစ်ရှောင်ကလေးများ ဖျားနာပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေ

844

မေလ ၂၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ယခုရက်ပိုင်းတွင် မိုးဆက်တိုက်ရွာသွန်းသည့်အတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်မြေအတွင်း စစ်ရှောင်နေရသည့် စစ်ရှောင်ကလေးငယ်အများမှာ ကိုယ်ပူဖျားနာကြပြီး ဝမ်းပျက်ဝမ်းလျှောမှုများ ဖြစ်ပွားလျက်ရှိ သည်ဟု သိရှိရသည်။

စစ်ရှောင်နေရသည့် ကလေးငယ်အများစုမှာ အဟာရပြည့်ဝသည့် အစားအစာ၊ ဆေးဝါးနှင့် ရေကောင်းရေ သန့်မရရှိသည့်အပြင် ယခုလို မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးရေစိုပြီး ကလေးငယ်တော်တော်များ များတွင် ကိုယ်ပူဖျားနာပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ မကြာခဏ ဖြစ်ပွားလျက်ရှိသည်ဟု ကော်သူးလေ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန ( KDHW ) ဆေးသင်တန်းမှူး စောဒိုးဒိုအယ်ကလူက ယခုလို ပြောသည်။

“အခုစစ်ရှောင်တွေထဲမှာ အများဆုံးတွေ့ရတာက အအေးမိပြီး ကိုယ်ပူ၊ အဖျားတက်ဖြစ်တာများ လာတာကိုတွေ့ရတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေလည်းရှိတယ်။ သူတို့အတွက် အဝတ်အထည်၊ ခြင်ထောင် တွေလိုတယ်။ နောက်တစ်ခုက စစ်ရှောင်တွေအတွက်က ရေကိုကျိုချက်ဖို့က မဖြစ်နိုင်တော့ မိုးရေကိုပဲ သောက်ရေအဖြစ် အသုံးပြုရတယ်ပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းသည့်အတွက် ဒေါနအရှေ့ခြမ်း မြဝတီမြို့တောင်ဘက်ရှိ သောင်ရင်းမြစ်ဘေးတစ်လျှောက် ခိုလှုံနေကြသော စစ်ဘေးရှောင် ကလေးငယ်များမှာ အအေးမိဖျားနာသူများ ပိုမိုတွေ့လာရသည်ဟုလည်း စစ်ရှောင်နေရသည့် မိဘတစ်ဦးဖြစ်သူ ကိုသက်က ပြောသည်။

“မိုးဆက်တိုက်ရွာတော့ တချို့ကလေးတွေတော်တော်များများကိုယ်ပူဖြစ်လာကြတယ်။ မိုးမိကြတာဖြစ်မယ်။ ကလေးတွေက တဲထဲမှာပဲနေရတော့ လှုပ်လှုပ်ရှားရှားမရှိဘူး။ တဲအပြင်နည်းနည်းရောက်ရင် မိုးကမိပြီး ကျနော့်ကလေးလည်းဖြစ်တယ်။ ကလေးကငယ်လည်းငယ်တော့ အအေးမိသွားတာမသိဘူး။ ” ဟု သူက ပြောသည်။

တောထဲတောင်ထဲတွင် တိမ်းရှောင်နေရသည့် စစ်ရှောင်များသည် နေရာထိုင်ခင်း လုံခြုံမှုမရ ရှိသည့်အတွက် ကလေးငယ်အပါအဝင် မီးဖွားခါစ ကလေးမိခင်များနှင့် ရောဂါအခံရှိထားသည့် သက်ကြီးရွယ်အိုများလည်း ကျန်းမာရေးပြဿနာ ပိုမိုကြုံတွေ့လာရနိုင်သည့်အတွက် စိုးရိမ်စရာအခြေအနေတွင်ရှိသည်ဟု ကရင်အမျိုးသမီးအစည်းအရုံး (KWO)အတွင်းရေးမှူး နော်ကညောဖောက ပြောသည်။

၎င်းက “စစ်ရှောင်နေရတဲ့အခါ အမျိုးသမီးနဲ့ ကလေးတွေက ပိုဒုက္ခရောက်တယ်။ အခုချိန်မှာဆိုရင်လည်း မိုးရာသီရောက်ပြီးဆိုတော့ မိုးထိရင် အသက်ကြီးတဲ့လူတွေ၊ ကလေးငယ်တွေက ခဏခဏ နေမကောင်းဖြစ် ကြတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးမွေးပြီးစမိခင်တွေဆိုရင်လည်း မိုးရေထိရင် သူတို့ရဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာ အများကြီး ရှိလာနိုင်တယ်။ ဒါကြောင့် ဒီအချိန်စစ်ရှောင်နေရတဲ့ ကလေးနဲ့မိခင်အတွက် ကျမတို့ တော်တော်စိုးရိမ်နေရတယ်”ဟု ပြောသည်။

KWO ၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ ကောက်ယူထားသည့် စာရင်းအရ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေ ခရိုင် ၇ခုတွင် စစ်ရှောင်အရပ်သားပြည်သူ တစ်သိန်း ငါးသောင်း(၁၅၀,၀၀၀) ကျော်ရှိပြီး ထိုအထဲတွင် အမျိုးသမီးနှင့် ကလေးငယ် ၇၅ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။