Home သတင်း ကွမ်သီးနု စျေးကောင်းရရှိသည့်အတွက် တောင်သူများ အဆင်ပြေလျက်ရှိနေ

ကွမ်သီးနု စျေးကောင်းရရှိသည့်အတွက် တောင်သူများ အဆင်ပြေလျက်ရှိနေ

1457

မေလ ၂၅ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ်တွင် ယခုနှစ် ရာသီဥတုကောင်းမွန်မှုကြောင့် ကွမ်းသီးအထွက်နှုန်းတိုးလာပြီး အစိမ်းနုတစ်လုံး လျှင် ကျပ် ၄ဝ နီးပါးအထိ စျေးကောင်းပေး ဝယ်နေသည့်အတွက် ကွမ်းစိုက်တောင်သူများ စားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

မြန်မာနိုင်ငံမှ ဒေသထွက် ကွမ်းသီးအနုများကို ယခုနှစ်တွင် စျေးကောင်းပေးကာ ဝယ်ယူသည့် ပြည်ပနိုင်ငံအချို့မှ လုပ်ငန်းရှင်းများ များလာသည့်အတွက် ကွမ်းစိုက်တောင်သူများမှာ စားဝတ်နေရေးအတွက် အဆင်ပြေနေ လျက်ရှိသည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ကွမ်းစိုက်တောင်သူ ကိုအောင်ကျော်က ယခုလို ပြောသည်။

“ကွမ်းသီးအနု အစိမ်းတွေပဲ ယူကြတယ်ပေါ့နော်။ တစ်လုံးကို ၃၅ ကျပ်အထိ ပေးတယ်။ အသီးချွန်ချွန်တွေပဲ ယူကြတယ်။ ရင့်နေရင် သူတို့မယူဘူး။ ဒီနှစ်က ကွမ်းသီးအထွက်များတယ်၊ စျေးလည်းရနေတော့ စားဝတ်နေ ရေးအတွက် အဆင်ပြေတယ်ပေါ့နော်” ဟု ကေအိုင်စီသို့ ပြောသည်။

ဒေသထွက် ကွမ်းသီးအနုများကို အခိုင်လိုက်ဖြင့်လည်းကောင်း၊ အလုံးလိုက်ဖြင့်လည်းကောင်း ကီလိုချိန်ဖြင့်လည်း ဝယ်နေလျက်ရှိပြီး တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အများဆုံးဝယ်ယူနေလျက်ရှိသည်ဟု ကွမ်းသီး အဝယ်ဒိုင်များထံမှ သိရသည်။

ထို့အပြင် ပြည်တွင်းလုပ်ငန်းရှင်များလည်း ကွမ်းသီးအနုများကို ဥယျာဉ်ခြံများအထိ လာရောက်ဝယ်ယူမှုရှိလာပြီး စားသုံးကုန်အဖြစ် ပြန်လည်ထုပ်ပိုးကာ အစာပြေအစားအစာအဖြစ် ပြန်လည်ထုတ်လုပ်ရောင်းချလျက်ရှိသည်ဟု ကွမ်းအဝယ်ဒိုင်များက ပြောသည်။

မြန်မာနိုင်ငံတွင် ကွမ်းသီးအရင့်ကို အစာပြေအနေဖြင့် ကွမ်းရွက်၊ ထုံး၊ ဆေးရွက်ကြီးများဖြင့် ရောစပ်စား သုံးလေ့ရှိပြီး ခံတွင်းနံ့ရှင်းလင်းရန်နှင့် တိုင်းရင်းဆေးအချို့တို့တွင် သုံးစွဲလေ့ရှိကြသည်။ မွန်၊ ကရင်၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် ကွမ်းအများဆုံး စိုက်ပျိုးလျက်ရှိပြီး ပြည်တွင်းစားသုံးမှုအနေဖြင့် ကွမ်းသီးအရင့်များသာ ဝယ်ယူရောင်းချကြသည်ဟု အဝယ်ဒိုင်များထံမှ သိရသည်။