ဧပြီလ ၂၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံများသည် စစ်အာဏာသိမ်းပြီးနောက် စားဝတ်နေ ရေး အကြပ်အတည်းကာလတွင် တစ်ဖက်တလမ်းမှ အထောက်အကူပြုနိုင်ရန် ယခုဧပြီလတွင် သဘာဝပုရစ်များကို ဖမ်းကာ ဝင်ငွေနေကြသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိတ်၊ ကွင်းကလေး၊ ပိုင်ကလန်ဒုံနှင့် မိကသို့ စသည့်ကျေးရွာများတွင် ယခုလို ပုရစ်ဖမ်း ရာသီအတွင်း စားဝတ်နေရေးကို ဖြေရှင်းနိုင်မည့် ဝင်ငွေတစုံတရာ ရရှိရန်အတွက် ပုရစ်များကိုဖမ်းပြီး ကော့ကရိတ်မြို့ရှိ အဝယ်ဒိုင်များတွင် ပို့ဆောင်တင်သွင်း ရောင်းချကြခြင်းဖြစ်သည်။
မြေတွင်းထဲတွင် သဘာဝအတိုင်း ပေါက်ဖွားသည့် ပုရစ်များကို ရွာသူရွာသားများက မီးစက်နိုး၍ မီးသီးဆင်ကာ ထောင်ဖမ်းကြခြင်းဖြစ်ပြီး ပုရစ်တစ်ပြည်လျှင် ငွေကျပ် ၆,၀၀၀၊ ၇,၀၀၀ စျေးနှုန်းဖြင့် အဝယ်ဒိုင်များသို့ ပြန်လည်ရောင်းချကြ သည်ဟု ပုရစ်ထောင်ဖမ်းသူများက ပြောသည်။
ပုရစ်ထောင်ဖမ်းသူ နောင့်မသဲက “ပုရစ်ကို ဒီလိုရှာဖမ်းတာထက် မီးစက်နိုးပြီး ဖမ်းတာက ပိုကျများတယ်လေ။ ဒီလိုပဲ နှစ်တိုင်း ဖမ်းတယ်။ ဖမ်းပြီး ပြန်ရောင်းတယ်။ တစ်ညကို တင်း ၃၀လောက် ရတယ်။ ဒီလို ဧပြီလနဲ့ မေလမှာ ပုရစ်ကျ တာ ပိုများလို့ အဲ့လတွေမှာ ဖမ်းတာများတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ကော့ကရိတ်နှင့် ကျိုက်ဒုံမြို့ကြားရှိ အဆိုပါကျေးရွာများတွင် ပြီးခဲ့သည့် လအနည်းငယ်က ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA နှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှုတိုက်ပွဲများကြောင့် ကျေးရွာအတွင်း အသွား အလာ ကန့်သတ်ထားလျက်ရှိသည်။
ဒေသခံများမှ ၎င်းကန့်သတ်ချက်ကို စိုးရိမ်ကြောက်လန့်သော်လည်း တစ်ဖက်တွင် ၎င်းတို့၏ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန် ယခုကဲ့သို့ ဝင်ငွေရှာဖွေသည့်အနေဖြင့် ပုရစ်များ ထောင်ဖမ်းကြခြင်းဖြစ်သည်။




















