Home သတင်း ထင်း၊ မီးသွေး၊ အိမ်သုံးဂက်စ်ဓါတ်ငွေ့ရည်စျေး အဆမတန် မြင့်တက်နေသောကြောင့် အိမ်ရှင်မများ အခက်တွေ့

ထင်း၊ မီးသွေး၊ အိမ်သုံးဂက်စ်ဓါတ်ငွေ့ရည်စျေး အဆမတန် မြင့်တက်နေသောကြောင့် အိမ်ရှင်မများ အခက်တွေ့

2879

ဧပြီ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်များအကြား နေရာအနှံ့တိုက်ပွဲများ ဖြစ်ပွားနေ သည့်အတွက် လူထုအခြေခံ မီးဖိုချောင်သုံး ထင်း၊ မီးသွေး နှင့် အိမ်သုံးဂက်စ်ဓါတ်ငွေ့ရည် စျေးနှုန်းများ အဆမတန် မြင့်တက်လာပြီးနေ့စဉ် ချက်ပြုတ် စားသောက်နိုင်ရေးအတွက် အခက်တွေ့လာနေကြောင်း သိရသည်။

ပြည်နယ်အတွင်း ဒေသရေမြေ၊ တောတောင်များမှ တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချကြသည့် ထင်း၊ မီးသွေး နှင့် ထိုင်း-မြန်မာ နယ်စပ်မဲဆောက် မြို့ဘက်မှ တင်သွင်းသည့် အိမ်သုံးဂက်စ်ဓါတ်ငွေ့ ရည် တင်သွင်းသည့် အခြေ အနေမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေမတည်ငြိမ်သည့် လမ်းပန်းဆက်သွယ်ရေး အခြေအနေနှင့် နယ်မြေအတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် ထင်းနှင့် မီးသွေးဖုတ်လုပ်ငန်းများ ခက်ခဲလာသည့်အတွက် စျေးနှုန်းများမြင့်တက် ရောင်း၀ယ်ရသည့် အခြေအနေကို ကြုံတွေ့၀ယ်ယူ သုံးစွဲနေရကြောင်း မြ၀တီ မြို့ခံတစ်ဦးက အခုလို ပြောသည်။

“မြို့ပေါ် မီးပျက်တော့ ချက်ရေးပြုတ်ရေးက လျှပ်စစ်နဲ့ ချက်ပြုတ် မရတော့ဘူး။ ထင်းနဲ့ မီးသွေး၊ ဂက်စ်ဓါတ်ငွေ့ ရည်ကို အားကိုးပြီး ချက်ပြုတ်ကြရတာဆိုတော့ အခြေခံမရှိ မဖြစ်ဘဲလေ၊ ဂက်စ်ဓါတ်ငွေ့ရည်က လမ်းပန်းဆက် သွယ်ရေးတွေ မကောင်းတော့ သယ်စရိတ်တွေကြီးပြီး စျေးတက်တယ်၊ ထင်းနဲ့ မီးသွေးကတော့ တောတောင်တွေ ကနေ တစ်ပိုင်တစ်နိုင် ခုတ်လုပ်မီးသွေးဖုတ်ကြတာဆိုတော့ ပို့ပြီး စျေးတက်လာတယ်၊ လက်နက်ကိုင်နယ်မြေတွေ ဖြစ်ပြီး တိုက်ပွဲတွေ ဖြစ်နေကြတာဆိုတော့ ဒီအလုပ်ကို ခက်ခက်ခဲခဲလုပ်ပြီး မြို့ပေါ်တက်ရောင်းကြရတဲ့ အခြေအနေပါပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိမြဝတီမြို့တွင် ယခင်က ၄,၅၀၀ ကျပ်နှင့် ၅,၀၀၀ ကျပ်သာ ပေးဝယ်ရသည့် ၁၀ ပိဿာချိန် မီးသွေး အိတ်ကြီး တစ်အိတ်ကို ယခုဆိုလျှင် ၉,၀၀၀ ကျပ်အထိ ပေးဝယ်ရသလို ယခင်က ၁,၀၀၀ ကျပ်တန် ထင်းစည်းတစ်စည်းလျှင် ယခု ၃,၀၀၀ ကျပ်အထိ စျေးတက်လာသည်ဟု မြို့ခံများက ပြောသည်။

၎င်းအပြင် ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် အိမ်သုံးဂက်စ်ဓါတ်ငွေ့ရည် တစ်အိုးကို ယခင်က ၃၀,၀၀၀ ကျပ်မှ ယခု ၅၀,၀၀၀ ကျပ်အထိ ဝယ်ယူသုံးစွဲနေရပြီး စားသောက်ကုန်များလည်း ယခင်ကထက် စျေးနှုန်းနှစ်ဆ၊ သုံးဆအထိ တက်သွားသည်ဟုလည်း မြို့ခံများထံမှ သိရသည်။

ကရင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ဒေသခံများ၏ နေထိုင်စားသောက်မှုမှာ တစ်ဖက်ထိုင်းနိုင်ငံမှ တင်သွင်းသည့် အိမ်သုံးကုန်၊ လူသုံးကုန်၊ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်၊ သား/ငါးအထိ တင်သွင်း ရောင်းချမှုအပေါ် မှီခို အားထား၀ယ်ယူသုံးစွဲကြရသည့်အခြေအနေဖြစ်သည်။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတံတားများမှ ကိုဗစ် ၁၉ ကူးစက်ရောဂါကာလ ကန့်သတ်ကုန်သွယ်ခွင့်ဖြင့် သွင်း ကုန်၊ ပို့ကုန်လုပ်ငန်းများ နှောင့်နှေးနေသည့်ကာလတွင် ဒေသတွင်းတိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည့် အတွက် ကုန်စျေးနှုန်း မြှင့်တက်လာမှု ဆက်လက်ရှိလာမည်ဟု ဒေသတွင်း အခြေခံစားသောက်ကုန်များ တင်သွင်းသည့် ကုန်သည်များပြောဆိုချက်အရ သိရသည်။