Home သတင်း CDM ၀န်ထမ်းများအား ခံ၀န်ထိုးရုံးပြန်လာတက်ရန် အကြောင်းကြားပြီး ဖမ်းဆီးစစ်ကြောခံနေကြရသူများရှိနေ

CDM ၀န်ထမ်းများအား ခံ၀န်ထိုးရုံးပြန်လာတက်ရန် အကြောင်းကြားပြီး ဖမ်းဆီးစစ်ကြောခံနေကြရသူများရှိနေ

1011

ဧပြီလ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း စစ်အာဏာရှင်ပြုတ်ကျရေး ၀န်ထမ်းသပိတ် ဆန္ဒထုတ်ဖော် မှုများတွင် ပါ၀င်ခဲ့ကြသည့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု- CDM ၀န်ထမ်းများအား စစ်ကောင်စီ ဌာနဆိုင်ရာများမှ ခံ၀န်ထိုး၍ ရုံးပြန်လာတက်ရန် မလိမ့်တစ်ပတ် အကြောင်းကြားပြီး ဖမ်းဆီး စစ်ကြောခံနေကြရသူများ ရှိနေကြောင်း နီးစပ်သူများက ပြောသည်။

ကော့ကရိတ် မြို့နယ်ရှိ CDM ၀န်ထမ်းများအား စစ်ကောင်စီဌာနဆိုင်ရာမှ ရုံးဌာနကို ဆက်သွယ်ကာ ခံ၀န်လက်မှတ်ထိုး၍ ရုံးပြန်တက်ကြရန် မလိမ့်တစ်ပတ် အကြောင်းကြားပြီး နေရပ်ပြန်လည် နေထိုင်ရုံပြန်တက်ကြပြီးမကြာမီတွင် ဖမ်းဆီးစစ်ကြောမှုများခံနေကြကြောင်း ကော့ကရိတ်ဒေသခံ CDM ၀န်ထမ်းများက ပြောသည်။

ကော့ကရိတ်ဒေသ တောင်ပိုင်းနှင့် မြောက်ပိုင်းအပါအအ၀င် မြို့ပေါ်နေ ၀န်ထမ်းများ စစ်အာ ဏာသိမ်းကာလ ဆန့်ကျင်ဆန္ဒပြပွဲများတွင် ပါ၀င်ခဲ့ကြပြီး CDM ပြုလုပ်သည့်အတွက် ဒေသအုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားဌာန ဆိုင်ရာ၀န်ထမ်းအများအပြား ရုံးမတက်ကြတော့သည့်အတွက် ဌာနမှ အလုပ်ရပ်စဲထုတ်ပယ်စာများ၊ ချေးငွေ ပြန်ဆပ်ရန်အကြောင်းကြားစာများ၊ ဖမ်း၀ရမ်း ထုတ်ဆင့်စာများ၊ ထုတ်ပြန်ကြေငြာခံထားရသည်။

အဆိုပါ ကြေငြာခြင်းခံရသည့် ၀န်ထမ်းများအား စစ်ကောင်စီသစ္စာခံ၍ နိုင်ငံ့၀န်ထမ်းအဖြစ် ဆက်လက်ထမ်းဆောင်ရန် ခံ၀န်ကတိလက်မှတ်ထိုးကာ ပြန်လည်အမှုထမ်းရန် အကြောင်းကြားသောကြောင့် အချို့ CDM ၀န်ထမ်းများမှာ နေရပ်ပြန်လာ၍ ရုံးဌာနနှင့်ဆက်သွယ်ကာ ရုံးပြန်တက်ကြပြီး ယခု ဧပြီလ သင်္ကြန်ကာလအပြီး ၁၇ ရက်မှ စတင်ကာ စစ်ကောင်စီ ဒေသရပ်ရွာ အတွင်း ဖမ်းဆီး စစ်ကြောမေးမြန်းမှုများ လုပ်ဆောင်ခံနေကြရကြောင်း ကော့ကရိတ်မြို့ရှိ CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

“အခုက စစ်တပ်၊ ရဲ ၊ ဌာနဆိုင်ရာ ပေါင်းပြီးတော့ CDM ၀န်ထမ်း မိသားစု၀င်တွေကို လိုက် အကြောင်းကြားနေတယ်၊ ရုံးပြန်လာတက်ပါ၊ ကျောင်းပြန်လာတက်ပါ၊ ခံ၀န်ထိုးပြီး ပုံမှန်ပြန်နေလို့ ရပြီ ဆိုပြီး မျှားခေါ်နေတယ်၊ ကော့ကရိတ်မှာ အဲ့သလို Non CDM ပြန်လုပ်ပြီး နေနေတဲ့သူတွေလည်း အဖမ်းခံထားရတဲ့ သူတွေရှိတယ်။ အခု သင်္ကြန်ပြီးကတည်းက အဖမ်းအဆီးစစ်ကြောရေးတွေ လုပ်နေတာ၊ မြို့ခံတွေရော ၀န်ထမ်းတွေပါဆိုရင် လူ သုံး၊ လေးဆယ်လောက်ရှိနေပြီ” ဟု ၎င်း CDM ဝန်ထမ်းက ပြောသည်။

ကရင်ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ စောမြင့်ဦးက ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့တွင် CDM ပြုလုပ်ခဲ့ကြပြီးနောက် Non CDM အဖြစ် လုပ်ငန်းခွင်ပြန်၀င်သည့် ပညာရေး၀န်ထမ်း ၂၆၅ ဦးအား ပြည်နယ်ခန်းမ၌ ဆုံးမဩဝါဒပေးကာ ရာထူးတိုး ၂ နှစ် ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် ဆက်လက် တာ၀န် ထမ်းဆောင် ခွင့်ပြုထားသော်လည်း ၀န်ထမ်းလိုအပ်ချက်အား ဖြည့်ဆည်းလည်ပတ် နိုင်မှုမရှိသည့် အတွက် ပုံစံအမျိုးမျိုးဖြင့် ပြန်လည်ခေါ်ယူ အမှုထမ်းကြရန် ဆက်သွယ်စည်းရုံးလုပ်ဆောင်သော်လည်း CDM ပြုလုပ်ထားသူအများစုမှာ ဆက်လက် ဆန့်ကျင်ရှောင်တိမ်းနေထိုင်နေဆဲဖြစ်သည်ဟု သိရသည်။

ထို့အပြင် KNU- ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ခရိုင်/တပ်မဟာ ဒေသများအတွင်း ရောက်ရှိ ခိုလှုံရာနေရာများတွင် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံဖြိုးရေး၊ စစ်ဘေးရှောင်ကူညီစောင့် ရှောက်ရေး လုပ်ငန်းများတွင် ပါ၀င်ကူညီ၍ စစ်အာဏာရှင် ပြုကျရေး ဆက်လက်တိုက်ပွဲ ၀င်နေကြဆဲဖြစ်ကြောင်း CDM ဝန်ထမ်းများက ပြောသည်။