ဧပြီလ ၂၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် မြို့အနီးတွင် မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်များလာသည့်နောက် အာဏာသိမ်း စစ်ကောင်စီ၏ ကော့ကရိတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဧပြီလ ၁၉ ရက်နေ့စွဲဖြင့် ရာဇဝတ်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို အချိန်ထပ်တိုးလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
ကော့ကရိတ်မြို့နယ် စစ်ကောင်စီထွေအုပ်၏ မတ်လ ၃၀ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ည ၁၀နာရီမှ နံနက် ၄ နာရီအချိန်အတွင်း လမ်းပေါ်မထွက်ရဟု ရာဇဝတ်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်အား မြို့နယ်၏ လုံခြုံရေးအခြေအနေအရဟုဆိုကာ ည ၈ နာရီမှ နံနက် ၄ နာရီအချိန်ထိ အချိန် ထပ်တိုး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အဆိုပါ မြို့နယ်စစ်ကောင်စီထွေအုပ် အမိန့်ထုတ်ပြန်ချက်၏ သတ်မှတ်ကာလသည် ဧပြီ ၁၉ ရက်နေ့မှစတင်ကာ ဇွန်လ ၁၉ ရက်အထိဖြစ်ပြီး ညအချိန် လမ်းမပေါ်မထွက်ရထုတ်ပြန်သည့်အပြင် သတ်မှတ်ထားသည့် မြို့နယ် တားမြစ်ဧရိယာထဲတွင် လူစုဝေးခြင်း၊ ဟောပြောခြင်း၊ စီတန်းလမ်းလျှောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ဆန္ဒပြခြင်း၊ ဆူပူခြင်းနှင့် ရုန်းရင်းဆန်ခတ်ပြုလုပ်ခြင်းများမလုပ်ရဟုလည်း ပါရှိသည်။
ကော့ကရိတ်မြို့ထဲတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က မြို့အတွင်း ဗုံးပေါက်ကွဲမှု၊ စစ်ကောင်စီယာဉ် တန်းမိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်စဉ်များရှိသလို ယခုနှစ် သင်္ကြန်ကာလတွင်လည်း စစ်ကောင်စီဦးစီးကျင်းပသည့် သင်္ကြန်မဏ္ဍပ်အနီးတွင် ဒရုန်းယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခံရမှုလည်း ရှိခဲ့သည်။
ကော့ကရိတ်မြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက “မြို့မှာတော့ ဘာမှထူးတာမကြားသေးဘူး။ ညအချိန်မှာ လည်းဘယ်သူမှ အပြင်မထွက်ပါဘူး။ ဗုံးပေါက်တာတွေက ညပိုင်းမကဘူး နေ့ပိုင်းလည်းပေါက်တာပဲ။ သင်္ကြန်မကျခင်အထိ မြို့အနီးက တောင်ကြာအင်းဘက်ရွာတွေမှာ စစ်တပ်ကလက်နက်ကြီးပစ်တာ ခဏခဏကြားတယ်။ သင်္ကြန်ကာလလားမသိဘူး၊ အခုသိပ်မကြားရဘူး။ သင်္ကြန်ပြီးပြီဆိုတော့ အခြေအနေက ဘယ်လိုလာမလဲမသိဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
မြို့နယ်စစ်ကောင်စီထွေအုပ်၏ ထုတ်ပြန်ချက်အရ သတ်မှတ်ထားသည့် တားမြစ်နယ်မြေထဲတွင် အရှေ့ဘက် မြဝတီမြို့နယ်၊ အနောက်ဘက် ကျိုက်မရောမြို့နယ်၊ တောင်ဘက်ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြောက်ဘက် ဖားအံနှင့် လှိုင်းဘွဲမြို့နယ်အထိပါဝင်သည်ကို တွေ့ရှိရသည်။
ထိုသတ်မှတ်ထားသည့် တားမြစ်နယ်မြေနေရာအများစုမှာ ကေအဲန်ယူ တပ်မဟာ(၆)နှင့် တပ်မဟာ(၇) ထိန်ချုပ်နယ်မြေဧရိယာထဲတွင်ရှိပြီး စစ်ကောင်စီဘက်မှ ကော့ကရိတ်မြို့အတွင်းနှင့် ကော့ကရိတ်-ဖားအံ လမ်းမကြီးပေါ်ရှိ အချို့နေရာတွင်သာ ထိန်းချုပ်ထားနိုင်သည်ဟု မြေပြင်သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ သိရသည်။
ကော့ကရိတ်မြို့နယ်ထဲတွင် ဆူပူဆန္ဒပြမှု လက်လုပ်မိုင်းဖြင့်ဖောက်ခွဲမှုများပြုလုပ်နေခြင်းသည် ငြိမ်ဝပ်ပိပြား ရေးနှင့် လုံခြုံရေးကို ထိခိုက်စေသည့်အပြင် ပဋိပက္ခရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်လာစေနိုင်သည်ဟု ယူဆကြောင်း မြို့နယ် စစ်ကောင်စီထွေအုပ်ဘက်က ထုတ်ပြန်ပြောဆိုသော်လည်း တစ်ဖက်တွင် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်များသည် လူထုများနေထိုင်ရာ ကျေးရွာများထဲသို့ လက်နက်ကြီးများနှင့် မကြာခဏ ပစ်ခတ်နေမှုများလုပ်ဆောင်လေ့ရှိသည်။
ကေအဲန်ယူ ဒူးပလာယာခရိုင် ၊ တပ်မဟာ(၆) ဘက်တွင်လည်း ကော့ကရိတ်-မြဝတီ-ဝေါ်လေလမ်းမကြီးများတွင် ည(၇)နာရီမှ နံနက် (၆)နာရီအတွင်း မော်တော်ယာဉ်များနှင့် ခရီးသွားလာခွင့်မပြုကြောင်း ဧပြီလ ၈ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားခြင်းလည်းရှိသည်။



















