Home သတင်း ဖလူးရွာတွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ညဘက် လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်

ဖလူးရွာတွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ညဘက် လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်

951
Photo: Kahsaw Wah (KIC)

ဧပြီ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ လေးကေကော်ဒေသ ဖလူးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် KNLA ပူးပေါင်းတပ်များအကြား ထိတွေ့ပစ်ခတ်တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က ညဘက် လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

ဧပြီလ ၂၁ ရက် ညနေ ၆ နာရီခန့်မှစ၍ နယ်မြေခံ KNLA ပူးပေါင်းတပ်များနှင့် ဖလူးရွာဘက်မှ စစ်ကြောင်းတက်လာသည့် တပ်မ ၄၄ လက်အောက်ခံ ခမရ (၁) စစ်ကြောင်းနှင့် ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုစတင်ဖြစ်ပွားခဲ့နောက် ည ၇ နာရီ ခန့်မှ ၁၁ နာရီခန့်အထိ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်သည့် နေရာများမှ KNLA ပူးပေါင်းတပ်များရှိရာဘက်သို့ ပစ်ခတ်တိုက်ခိုက်ရာတွင် ရဲဘော် ၂ဦး လက်နက်ကြီး အစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့မှ စစ်ရေးသတင်းအရင်း အမြစ်က ယခုလို ပြောသည်။

“ဒီရက်ထဲမှာ စစ်ကောင်စီနဲ့ မြ၀တီ BGF အင်အားပေါင်းပြီး စစ်ကြောင်း ထိုး တိုက်ခိုက်ဖို့ လုပ်နေတာမှာ မနေ့က ညနေပိုင်း ဖလူးရွာဘက်ကနေ စစ်ကြောင်း တက်လာတာ သူတို့ ပွိုင့်ကင်းနဲ့ ကိုယ့်ကရင်ဘက်က တိုက်ကင်းအဖွဲ့ချင်းတွေ့ပြီး ထိတွေ ပစ်ကြတယ်၊ သူတို့ဘက်က ၁ ယောက်သေ၊ ၂ယောက် ဒဏ်ရာရသွားတယ်၊ သိပ်မကြာဘူး ည ၇ နာရီကျော်တော့ ခွေးကုန်း(စွယ်တော်ကုန်း) ၊ လက်ခတ်တောင်ကုန်း ၊ ဘက်တွေကနေ ကျနော်တို့ ကရင်အဖွဲ့တွေ ရှိမယ် ထင်တဲ့ဘက်တွေကို လက် နက်ကြီး ပြိုင်တူတွေပစ်ချတယ်၊ ည ၁၁ နာရီ လောက်အထိပေါ့၊ ရဲဘော် ကလေး ၂ ယောက်တော့ အစမှန် ဒဏ်ရာရတာရှိတယ်၊ မစိုးရိမ်ရပါဘူး။ “ဟု ၎င်းသတင်းအရင်းအမြစ်က ပြောသည်။

ဧပြီလအတွင်း လေးကေကော်၊ သေ့ဘောဘိုး၊ ဝေါလေ၊ ကနဲလေး ၊မော်ခီး ၊ ထီး သဲပလယ်ဒေသများအတွင်း စစ်ကောင်စီဘက်မှ စစ်ဆင်ရေးအသွင်ဖြင့် တိုက်ခိုက်နေရာတွင် ၎င်းတို့ဘက်မှ အကျအဆုံးများလျက်ရှိသည်ဟု KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်ရန် စစ်သည် အင်အား ၊ လက်နက်အင်အား ဖြည့်တင်းကာ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်မှုများနေ့စဉ် လုပ်ဆောင်နေသည့်အတွက် ဒေသတွင်း KNLA ပူးပေါင်းတပ်များဘက်မှ နယ်မြေအတွင်းရှိ စစ်ကောင်စီ အခြေချထားသည့် စစ်စခန်းများ၊ ကင်းကတုတ်များ၊ အမြှောက်ကုန်းများ ၊ လှုပ်ရှား စစ်ကြောင်းများအား ပျောက်ကြား တိုက်ခိုက်သည့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။