Home သတင်း ခလယ်-တံခွန်တိုင်ကျေးရွာများမှ ဒေသခံ ၃ဝ ကျော် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်

ခလယ်-တံခွန်တိုင်ကျေးရွာများမှ ဒေသခံ ၃ဝ ကျော် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်

1005

ဧပြီ ၂၅ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုများမှ ဒေသခံ ၃ဝ ကျော်ကို ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဝင်းရော်ဒေသ ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ရွာသားများသည် ဝင်းရော်ဒေသ၏ အနောက်ဘက် တောင်ညိုတောင်တန်း၏ တောင်ခြေရှိ ရာဘာနှင့် နှစ်ရှည်ဥယျာဉ်ခြံ စိုက်တောင်သူများဖြစ်ပြီး လမ်းပြအဖြစ်နှင့် စစ်တပ်အကာအကွယ်ရရှိရန် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်နိုင်သည်ဟု ဖမ်းဆီးခံရသူများ၏ နီးစပ်သူများက ပြောသည်။

“ ဒီမနက် ၁၁ နာရီကျော်လောက်မှာ ဖမ်းခံထိကြတာပါ။ စစ်တပ်က သွားတဲ့လမ်းတစ်လျှောက် တွေ့ရာ လူခေါ်ဆောင်သွားတယ်။ အားလုံး ၃ဝ ကျော်လောက် ဖမ်းခံထိထားတယ်။ အခုထိ အိမ်ပြန် မရောက် လာနိုင်ကြသေးဘူး။ အရမ်းစိတ်ပူတယ်။ ကူညီပေးကြပါ ” ဟု ဖမ်းဆီးခံရသည့်ထဲမှ မိသားစုဝင် အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ခလယ်၊ တံခွန်တိုင်၊ မြို့ဟောင်း၊ ခလယ်ရွာလေးကျေးရွာမှ ဒေသခံအများစုမှာ တောင်ခြေဥယျာဉ်ခြံများတွင် တဲထိုးနေထိုင်လေ့ရှိကြပြီး စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်ခံရချိန်တွင် ရာဘာခြံလုပ်ငန်းလုပ်ကိုင်နေရင်း ခေါ်ဆောင်ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ရွာသားများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့တွင် ခလယ်-တံခွန်တိုင် တိုက်နယ် ရဲစခန်း‌ဝင်းအတွင်း တိုက်ပွဲဖြစ်ပွားရာတွင် ရဲစခန်းဝင်းရှိ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်တို့ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် တံခွန်တိုင်ရွာ အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးပြီး အခြားရွာသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု သိရသည်။

၎င်းအပြင် မွန်ပြည်နယ် မုဒုံမြို့နယ်အခြေစိုက် စစ်ကောင်စီအမြှောက်တပ်သည်လည်း ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်ည အချိန်တွင် ကျေးရွာထဲသို့ အမြှောက်ကြီးများဖြင့် လှမ်းပစ်ခတ်မှုများလုပ်ဆောင်သည့်အတွက် ခလယ်၊ တံခွန်တိုင်၊ ခလယ်ရွာလေး၊ တံခွန်တိုင်ရွာလေး၊ ကုလားပိုင်း၊ နိုင်းသိုင်းထွန်၊ ဒိုင်လွတ်၊ ကမော့ဝမ်းကျေးရွာများမှ ဒေသခံလူထု ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည် ကျေးရွာတာဝန်ရှိသူများက ပြောသည်။

ခလယ်-တံခွန်တိုင်တိုက်နယ်သည် KNU -ကရင်အမျိုးသားအစည်းအရုံး ဝင်းရေးမြို့နယ်၏ အုပ်ချုပ်မှုနယ်မြေတွင် တည်ရှိပြီး ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလ ၂ဝ ရက်နေ့နောက်ပိုင်း စစ်တပ်မှ ကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းဝင်းများတွင် ကင်းစခန်းချနေထိုင်မှုရှိလာပြီး ၎င်းတို့၏ ခြေကုပ်စခန်းအချို့လည်း ကျေးရွာထဲသို့ မကြခဏ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်လေ့ရှိသည်ဟု ရွာသားများထံမှ သိရသည်။