Home သတင်း ကေအဲန်ယူ တပ်မဟာ(၁) နယ်မြေတွင် တိုက်ပွဲပြင်းထန်၍ ဒေသခံထောင်ချီတိမ်းရှောင်နေရ

ကေအဲန်ယူ တပ်မဟာ(၁) နယ်မြေတွင် တိုက်ပွဲပြင်းထန်၍ ဒေသခံထောင်ချီတိမ်းရှောင်နေရ

863
လေးကေဒေသရှိ စစ်ရှောင်များ။ Photo-CJ

ဧပြီ ၂၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် (တပ်မဟာ -၁ နယ်မြေ) ၊ ဘီးလင်းမြို့နယ်တွင် ဧပြီလ ၂၃ ရက်နေ့မှစတင်၍ တိုက်ပွဲပြင်းထန်လာပြီး စစ်ကောင်စီတပ်ဘက်က ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများလုပ်ဆောင်သည့်အတွက် ဒေသခံပြည်သူ ထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။

ကေအဲန်ယူ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ လေးကေနှင့် ဝင်တာပန်စခန်း နှစ်ခုကို ဧပြီ ၂၃ ရက်နေ့တွင် နောက်ဆုံးထား ဆုတ်ခွာရန် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း ၂ က သတိပေးစာ ထုတ်ပြန်မှုကို စစ်ကောင်စီတပ်ဘက်က နောက်မဆုတ်သည့်အပြင် ကျေးရွာများထဲသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကိုပါ လုပ်ဆောင်လာသည်ဟု KNU သထုံခရိုင်ဥက္ကဌ ပဒိုစောစိုးမြင့်က ကေအိုင်စီသို့ ပြောသည်။

“ပထမ ကျနော်ကြားတာတော့ ဝင်းတာပန်စခန်းတို့မှာ ဆုတ်ပေးဖို့ အချိန်နည်းနည်း ထပ်ပေးဖို့ သူတို့ ပြောလာတယ်။ ဒါပေမယ့် သတ်မှတ်ရက်ပြည့်တောင်မှာ မပြောင်းဘူးဆိုတော့ ကျနော်တို့ဘက်က သွားပြီး သတိပေးသွား ပစ်ခတ်တာတွေလုပ်တယ်။ သူတို့ဘက်က ပြန်ပစ်တယ်။ ဝီယော်စခန်းဘက်ကလည်း လက်နက်ကြီးတွနဲ့ ပြန်ပစ်တယ်။ ကျည်ကျတာ နေရာအနှံ့ပဲ။ အဲဒါကြောင့် ဒေသခံပြည်သူ ထောင်၊ သောင်းနီးပါးလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ပြောသည်။

လေးကေဒေသရှိ စစ်ရှောင်များ။ Photo-CJ

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင်လည်း ဖာပွန်ခရိုင် တပ်မဟာ(၅) နယ်မြေအတွင်းရှိ စစ်ကောင်စီ ကတိုင်တိစခန်းမှ ဒေါဇံကြီးကျေးရွာသို့ လက်နက်ကြီးနှင့်လှမ်းပစ်ခတ်သည့်အတွက် လူနေအိမ်(၅)လုံး ထိခိုက်ပျက်စီးခဲ့သလို အရပ်သား ၂ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် ဒေါဇံကြီး၊ လေးကေ၊ ဝင်းတာပန်၊ မြစ်ကျိုး ၊ ကျောက်ဖျာ အပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်မှ ထောင်နှင့်ချီသော ဒေသခံရွာသားများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။

ထို့အတူ ဒေသခံရွာသားအချို့သည် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုပြုလုပ်လာ မည်ကိုစိုးရိမ်နေသည့်အတွက် နီးစပ်ရာ ကျောက်ဂူ၊ လှိုဏ်ဂူရှိရာနေရာများတွင် မိသားစုအလိုက် သွားရောက်တိမ်းရှောင်သူလည်းရှိသည်ဟု သိရသည်။

၎င်းထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များအား ဒေသအတွင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသည့် အဖွဲ့အချို့က သွားရောက်ကူညီထောက်ပံ့မှုများရှိသော်လည်း စစ်ရှောင်အများစုမှာ ထောက်ပံ့အကူညီမှုများ မရရှိသေးသည့်အတွက် အကူအညီလိုအပ်နေသည်ဟု သိရသည်။