Home သတင်း လေးကေကော် ဒေသအခြေစိုက် KNLA ပူးပေါင်းတပ်များအား စစ်ကောင်စီဘက်မှ နေ့ရော၊ ညပါ တိုက်ခိုက်နေ၊ ထိခိုက်ကျဆုံးမှုရှိသဖြင့် တပ်နောက်ပြန်ဆုတ်ရ

လေးကေကော် ဒေသအခြေစိုက် KNLA ပူးပေါင်းတပ်များအား စစ်ကောင်စီဘက်မှ နေ့ရော၊ ညပါ တိုက်ခိုက်နေ၊ ထိခိုက်ကျဆုံးမှုရှိသဖြင့် တပ်နောက်ပြန်ဆုတ်ရ

1035
Photo: Cobra Column

ဧပြီ ၁၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

မြဝတီတောင်ဘက်ရှိ လေးကေကော် ဒေသအခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များအား စစ်ကောင်စီဘက်က နေ့ရော၊ ညပါတိုက်ခိုက်နေပြီး ထိခိုက်ကျဆုံး မှုရှိသဖြင့် တပ်နောက်ပြန်ဆုတ်ရကြောင်း သိရှိရသည်။

လေးကေကော်ဒေသ အခြေစိုက် KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား ဧပြီလ ၁၄ ရက်က ပြောက်ကျားတိုက်ပွဲများဖြစ်ပွားနေခဲ့ပြီး ည ၁၁ နာရီ၀န်းကျင်အချိန်တွင် စစ်ကောင်စီ လက်နက်ကြီး စခန်း ၂ ခုမှ လက်နက်ကြီး ပစ်ကူရယူ၍ မြေပြင်မှ ထိုးစစ်ဆင် တိုက်ခိုက်လာမှုကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့ များနှင့် ညတိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ကျ ဆုံးမှုရှိသဖြင့် နံနက် ၃ နာရီခန့်တွင် တပ်နောက်ပြန်ဆုတ်ထားကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ် ပြောဆိုချက်အရ သိရသည်။

“နေ့ ဘက်ကတုန်းက ပြောက်ကျား ပစ်ခတ်မှုတွေ ရှိနေတယ်။ ညက ၁၁ နာရီ ထိုးခါနီးလောက်မှာ မြေပြင်စစ်ကြောင်း ကျားထိုးတက်လာတယ်၊ ခွေးကုန်း(စွယ်တော်အမြှောက်ကုန်း) ဘက်ကနေရော၊ လက်ခတ်တောင် BGF ကုန်းဘက်ကနေရော လက်နက်ကြီးတွေ ပြိုင်တူစပစ်တယ်၊ အခုမနက် ၃ နာရီ ကျော်အထိ ပစ်တယ်၊ သူတို့က ကျနော်တို့ လေးကေကော်ပတ်ခြာလည်မှာရှိနေတဲ့ နေရာတွေကို တက်သိမ်းဖို့ ညဘက် စစ်ဆင်ရေး လုပ်နေတာမှာ အကအဆုံး များပြီး ပြန်ဆုတ်သွားတယ်၊ ကိုယ့်ဘက် ကတော့ အထိအခိုက်မရှိပါဘူး”ဟု KNLA ပူးပေါင်းအဖွဲ့ သတင်းအရင်းအမြစ်က ပြောသည်။

ထို့အပြင် စစ်ကောင်စီဘက်က ပစ်လိုက်သော လက်နက်ကြီးကြောင့် ရပ်ကွက်တွင်းရှိ လူနေအိမ်အများအပြား လက်နက်ကြီးကျည်ထိမှန်ပျက်စီးခဲ့သလို လတ်တလောအချိန်တွင် မြေပြင် ရှင်းလင်းရေး မလုပ်ရသေးသဖြင့် ထိခိုက်ပျက်စီးမှုနှင့် သေကြေမှုအခြေအနေကို အတိအကျ မသိရှိရ သေးသော်လည်း စစ်ကောင်စီ၏ ကျည်ဆံ၊ လက်နက်ကြီးကျည်တချို့နှင့် စစ်အသုံးအဆောင်များကို သိမ်းဆည်းရမိထားသည်ဟု ၎င်းသတင်းအရင်းအမြစ်က ဆက်ပြောသည်။

Photo: Cobra Column

လေးကေကော်ဒေသမှ ဝေါလေအထိ စစ်ကောင်စီဘက်က နယ်မြေ စိုးမိုးနိုင်ရေးအတွက် တပ်မ ၄၄ တမ်မ ၂၂၊ ကမ်းရိုးတန်းတိုင်းဌာနချုပ်လက်အောက်ခံတပ်များနှင့် နယ်ခြားစောင့်တပ် -BGF ပူးပေါင်းတပ်များအား စုပေါင်းကာ စစ်ကြောင်းဖွဲ့ မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်နေသလို လေကြောင်းမှ ဂျက်တိုက်လေယာဉ်များဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးသီးကြီးများအပါအ၀င် ၊ ရော့ကက်ဒုံး များ ၊ လေယာဉ်ပစ် စက်သေနတ်များဖြင့် စစ်ကောင်စီဘက်မှ နေ့ရော၊ ညပါ တိုက်ခိုက်လုပ်ဆောင်နေသည်ဟု သိရသည်။

ထိုသို့ ကုန်းကြောင်း၊ လေကြောင်း အသုံးပြုထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် လေးကေကော်ဒေသအတွင်း ဂျပန်နိုင်ငံ နိပွန် ဖောင်ဒေးရှင်းမှ ငြိမ်းချမ်းရေးပြယုတ်အဖြစ် နိုင်ငံတကာအသိအမှတ်ပြု တည်ဆောက် လှူဒါန်းထားသော လူထုနေထိုင်သည့် အိမ်ရာများ ၊ ကျန်းမာရေး ၊ ပညာရေးအဆောက်အဦးများ ၊ စိုက်ခင်း၊ ပျိုးခင်းများ မီးလောင်ပျက်စီးနေပြီး ဒေသခံကျေးရွာများမှ ၄ လကျော် စစ်ဘေးရှောင် နေရသည့် ပြည်သူ ၁၂,၀၀၀ ကျော်မှာ စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေဆဲ ဖြစ်ကြောင်း သိရသည်။