Home သတင်း လေယာဉ်ဆီတင်ယာဉ် ဖြတ်သန်းမည့်လမ်းတလျှောက် လုံခြုံရေးယူပေးရန် ပေးပို့သည့်ကြေးနန်းစာ လူမှုကွန်ရက်တွင်ပြန့်နေ

လေယာဉ်ဆီတင်ယာဉ် ဖြတ်သန်းမည့်လမ်းတလျှောက် လုံခြုံရေးယူပေးရန် ပေးပို့သည့်ကြေးနန်းစာ လူမှုကွန်ရက်တွင်ပြန့်နေ

2234

မတ်လ ၁၀ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံက တင်သွင်းပြီး ကရင်ပြည်နယ်၊ မြဝတီနယ်စပ်မှတဆင့် လေယာဉ်ဆီတင်ဆောင်လာသည့် ဆီဘောက်ဆာ ယာဉ် ဖြတ်သန်းသွားရာတွင် လမ်းလုံခြုံရေးယူပေးရန် ရဲတပ်ဖွဲ့ကို စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက ပေးပို့သည့် လျှို့ဝှက်ကြေးနန်းစာတစ်စောင် လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့လျှက်ရှိသည်။

National Energy Puma Aviation Services Co., Ltd (NEPAS)က ထိုင်းနိုင်ငံမှတင်သွင်းသည့် လေယာဉ်ဆီတင် ဆီဘောက်စ်ဆာကား ဖြတ်သန်းရာလမ်းကြောင်းတစ်လျှောက် မတ်လ ၉ရက်နေ့မှ ၁၃ရက်နေ့အတွင်း လမ်းလုံခြုံရေး ယူပေးရန် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှ ရဲတပ်ဖွဲ့သို့ မတ်လ ၈ရက် နေ့စွဲဖြင့် လိပ်မူပေးပို့ထားသည့် လျှို့ဝှက်ကြေးနန်းစာ ပေးပို့ထားခြင်းဖြစ်သည်။

အဆိုပါ‌ကြေးနန်းစာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းနှင့် Puma Energy Group Pte., Ltd.(PEG)တို့ အကျိုးတူပူးပေါင်း၍ မြန်မာနိုင်ငံတွင် လေယာဉ်ဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ် ငန်းများ ဆောင်ရွက်လျှက်ရှိသည့် National Energy Puma Aviation Services Co., Ltd (NEPAS)က တင်သွင်းခဲ့ပြီး မြဝတီမြို့သို့ ရောက်ရှိနေသော မော်တော်ယာဉ် (Refuller-Liter 20000 ဆံ့ Bowser) တစ်စီးကို ၉-၃-၂၀၂၂ရက်နေ့မှ ၁၃-၃-၂၀၂၂ ရက်နေ့အတွင်း မြဝတီသင်္ဃန်းညီနောင်-ကော့ကရိတ်-ဘားအံ-သထုံ-ဘီးလင်း-ကျိုက်ထို-မုပ္ပလင်-ဘုရား ကြီး-တောင်ငူမှတဆင့် ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မော်တော်ယာဉ် (Low Bed)အသုံးပြု၍ သယ်ယူပို့ဆောင်မည်ဖြစ်ရာ လုံခြုံရေးယူပေးရန် အကြောင်းကြားစာဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ၇-၃-၂၀၂၂ရက်စွဲပါ စာအမှတ် ရည်ညွှန်းချက်ပါဝင်သည့် အဆိုပါလျှို့ဝှက်စာကို စစ် ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား လက်ထောက်အတွင်းဝန် ကျော်ကျော်မိုးက လက် မှတ်ရေးထိုးထားသည်ကို တွေ့ရသည်။

ယခုစာပါ လေယာဉ်ဆီတင်ယာဉ်တင်ပို့မည့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှု၏ အဓိကလမ်းကြောင်းတစ်ခုဖြစ်သော မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော် အာရှလမ်းတွင် ယခင်လများက ဖြတ်သန်းသွားလာနေသည့် ဆီဘောက်ဆာ ယာဉ် ၅စီးထက်မနည်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ပစ်ခတ်မှုများပြုလုပ်ခဲ့ဘူးပြီး ထိုသို့ပစ်ခတ်မှုများကြောင့် မော် တော်ယာဉ် မီးလောင်ကျွမ်းမှုများဖြစ်ခဲ့သလို ယာဉ်မောင်းနှင့်ယာဉ်အကူ (၃)ဦးအထိ သေဆုံးမှုရှိခဲ့သည်။