Home သတင်း EU ၏ အရေးယူပိတ်ဆို့မှုအသစ်အပေါ် စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းများ ကြိုဆို

EU ၏ အရေးယူပိတ်ဆို့မှုအသစ်အပေါ် စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းများ ကြိုဆို

1214
Photo: Internet

ဖေဖော်ဝါရီ ၂၂ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ဥရောပသမဂ္ဂ(EU)က စစ်ကောင်စီ ဝင်ငွေရလမ်းကြောင်းဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း(MOGE) အပြင် အခြားသောလုပ်ငန်းကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအပေါ် ယမန်နေ့က အရေးယူ ပိတ်ဆို့မှုအသစ် ချမှတ်လိုက် ခြင်းအပေါ် ၎င်းအရေးကိစ္စကို စောင့်ကြည့်လေ့လာနေကြသည့် အရပ်ဖက်အဖွဲ့အစည်းများက ကြိုဆိုထောက်ခံလိုက် ကြသည်။

စစ်ကောင်စီ၏ အကြီးမားဆုံး ဝင်ငွေလမ်းကြောင်းဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း(MOGE) အပြင် International Group of Entrepreneurs (IGE) ကုမ္ပဏီ၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်း၊ ထူးအုပ်စုကုမ္ပဏီလုပ်ငန်း အပါအဝင် ကုမ္ပဏီ ၄ခုနှင့် အာဏာသိမ်း စစ်ကောင်စီအုပ်စုဝင် ၂၂ဦးကို ဥရောပသမဂ္ဂက စီးပွားရေးအရ ပိတ်ဆို့လိုက် ခြင်းအပေါ် Justice for Myanmar အဖွဲ့မှ ထောက်ခံကြိုဆိုကြောင်း ယနေ့ ထုတ်ပြန်ကြေညာထားသည်။

ထုတ်ပြန်ချက်တွင် ပြောခွင့်ရ ရတနာမောင်က “ဒီ အရေးယူပိတ်ဆို့မှုအသစ်ကို ကျမတို့ ကြိုဆိုတယ်။ ဒီအကြမ်းဖက် စစ်အုပ်စုဆီကို စီးဝင်နေတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းက ဝင်ငွေတွေကို ရပ်တန့်ဖို့ တစ်နှစ်ကျော်ကြာ စည်းရုံးလှုံ့ ဆော်ပြီးတဲ့နောက်မှာ အခုလို MOGEကို ရွေးချယ်ပိတ်ဆို့လိုက်တဲ့အပေါ်မှာ မြန်မာအပြင် ကမ္ဘာတလွှာမှာရှိတဲ့ ကျမတို့ အောက်ခြေ တက်ကြွလှုပ်ရှားသူတွေအတွက် သမိုင်းဝင် အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။”ဟု ထုတ်ပြန်ချက်တွင် ပြော ဆိုထားသည်။

သို့သော် EU ၏ အရေးယူပိတ်ဆို့မှုသည် မြန်မာစစ်အုပ်စုအတွက် စီးပွားရေးလုပ်ငန်းများကို ယခင်အတိုင်း ဆက်လက် မလုပ်ဆောင်နိုင်ကြောင်းကို ခိုင်မာသော သတင်းစကား ပေးပို့ခြင်းဖြစ်သော်လည်း လုံလောက်မှု မရှိသေးဘဲ အခြား သော အမေရိကန်၊ ဂျပန် ကဲ့သို့သောနိုင်ငံများအနေဖြင့်လည်း MOGE နှင့် စစ်တပ်ထိန်းချုပ်ထားသည့် စီးပွားရေးလုပ် ငန်းများနှင့် ၎င်းတို့၏ သိသာထင်ရှာသော ပါဝင်ဆက်နွယ်မှုများကို ယခုလို လိုက်ပါ ပိတ်ဆို့အရေးယူရမည်ဖြစ်ကြောင်း လည်း Justice for Myanmar က ဆက်လက် ပြောဆိုသည်။

အဆိုပါ သဘာဝဓာတ်ငွေ့လုပ်ငန်းများမှ စစ်တပ်အနေဖြင့် တစ်နှစ်ကို ဝင်ငွေဒေါ်လာ သန်းထောင်ချီပြီး ရရှိနေကြောင်း နိုင်ငံတကာ ဆော်ဩလှုပ်ရှားသူများက ထောက်ပြပြောဆိုနေကြချိန်တွင် ယခုလို အရေးယူပိတ်ဆို့မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

စစ်ကောင်စီဝင်ငွေရရှိနေသည့် MOGE နှင့် အမှတ်(၁) သတ္တုတွင်းလုပ်ငန်းအပြင် ပိတ်ဆို့မှုစာရင်းတွင် ဦးအောင်သောင်း ၏သားများဖြစ်သော မိုးအောင်၊ နေအောင်နှင့် ပြည်အောင်တို့ပိုင်ဆိုင်သော IGE ကုမ္ပဏီ၊ ဦးတေဇပိုင် ထူးကုမ္ပဏီတို့မှာ လည်း ပိတ်ဆို့ဒဏ်ခတ် အရေးယူခံလိုက်ရခြင်းဖြစ်သည်။

EU ၏ ဒဏ်ခတ်ပိတ်ဆို့မှုအရ အရေးယူခံလိုက်ရသော စစ်ကောင်စီ အုပ်စုဝင် ၂၂ဦးမှာ ဝန်ကြီးအဖြစ် ခန့်အပ်ခံထားရ သော ဦးအောင်နိုင်ဦး၊ ချာလီသန်း၊ ဒေါ်သက်သက်ခိုင်၊ ဦးမောင်မောင်အုန်းနှင့် အကြမ်းဖက် စစ်ကောင်စီဝင် ရွှေကြည်၊ UEC အဖွဲ့ဝင်များဖြစ်သည့် အောင်မိုးမြင့်၊ သန်းထွန်း၊ အောင်လွင်ဦး၊ အောင်စောဝင်း၊ သန်းဝင်း၊ စောဘလှိုင်၊ စိုးစိုးဦး၊ သန်းဦး၊ ဘရန်ရှောင်၊ မြင့်ဦး၊ ခင်မောင်ဦး၊ နုမြဇန်၊ မြင့်သိန်းနှင့် ဘမောင်တို့ ပါဝင်သလို စစ်တပ်ဘက်မှ အရာရှိများဖြစ် သည့် အမှတ်(၁) ကစထမှူး တေဇကျော်၊ တိုင်းမှူး နေလင်းအောင်၊ အမှတ်(၂) ကစထမှူး အောင်ဇော်အေးတို့လည်း ပါဝင်ကြောင်း သိရှိရသည်။

အလားတူ မြန်မာပြည်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စောင့်ကြည့်လေ့လာနေသည့် ကရင်ငြိမ်းချမ်းရေးအထောက် အကူပြုကွန်ယက်-KPSN ၏ ပြောခွင့် နော်ဝါးခူရှီးကလည်း EU ၏ အရေးယူမှုအသစ်အပေါ် ထောက်ခံကြိုဆိုကြောင်း ယခုလို ပြောသည်။

၎င်းက “ဒီလို ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းတွေကို အရေးယူပိတ်ဆို့ဖို့ ကျမတို့ ဟိုအရင်ကတည်းက ဆော်ဩလာခဲ့ တာကြာပြီး။ အခုလို ကြားရတော့ အရမ်းဝမ်းသာတယ်။ ဒီလုပ်ငန်းတွေကလည်း အရပ်သားတွေအပေါ် အကြမ်းဖက် လုပ်ရပ်တွေ ကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် ဝင်ငွေအကြီးကြီးရနေတဲ့ လမ်းကြောင်းတွေဖြစ်တယ်။”ဟု ကေအိုင် စီသို့ ပြောဆိုသည်။

လက်ရှိ EU ၏ အရေးယူပိတ်ဆို့မှု ချမှတ်လိုက်ခြင်းအပေါ် ဥရောပအဖွဲ့ဝင်နိုင်ငံများအနေဖြင့် လိုက်နာဆောင်ရွက်သွား မှသာ အရေးယူပိတ်ဆို့မှုမှာ အသက်ဝင်နိုင်မည်ဖြစ်သောကြောင့် ဥရောပနိုင်ငံများအနေဖြင့် အရေးယူ ပိတ်ဆို့မှုများအ ပေါ် လိုက်ပါလုပ်ဆောင်သွားရန် လိုအပ်ကြောင်းလည်း နော်ဝါးခူရှီးက ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ရင်းနှီးမြှပ်နှံမှုများမှ နာမည်ကြီး စီးပွားရေးလုပ်ငန်းများဖြစ်သော Total Energies, Chevron, Petronas, Mitsubishi Corporation and Woodside ကုမ္ပဏီလုပ်ငန်းများအနေဖြင့် နိုင်ငံအတွင်းမှ ထွက်ခွာတော့ မည်ဖြစ်ကြောင်း ကြေညာပြီးနောက် ယခုလို EU ၏ ပိတ်ဆို့အရေးယူမှုအသစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ နိုင်ငံတကာ စံချိန်စံနှုန်းနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသော ကုမ္ပဏီများ မြန်မာပြည်စီးပွားရေးလုပ် ငန်းများမှ ထွက်ခွာမည့်အပေါ် ကြိုဆိုထောက်ခံကြသော်လည်းပဲ ၎င်းကုမ္ပဏီလုပ်ငန်းများအစား စံနှုန်းနိမ့်ပြီး လူ့အခွင့် အရေး လေးစားလိုက်နာမှု အားနည်းသော အခြားကုမ္ပဏီလုပ်ငန်းများ အစားထိုး ဝင်ရောက်လာမည့်အပေါ် စိုးရိမ်နေ ကြသူများလည်း ရှိသည်။