Home သတင်း မြဝတီမြို့တွင် တပ်‌ထောက်ခံပွဲ ပြုလုပ်ပြီးချိန် မိုင်းတစ်လုံး‌ပေါက်ကွဲမှု ဖြစ်ခဲ့

မြဝတီမြို့တွင် တပ်‌ထောက်ခံပွဲ ပြုလုပ်ပြီးချိန် မိုင်းတစ်လုံး‌ပေါက်ကွဲမှု ဖြစ်ခဲ့

1316

‌ဖေ‌ဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တွင် ယ‌နေ့ ‌ဖေ‌ဖော်ဝါရီ(၁)ရက် စစ်အာဏာသိမ်းမှု (၁) နှစ်ပြည့် ‌ထောက်ခံပွဲပြုလုပ်ပြီးချိန် မွန်းတည့် (၁၁း၅၀) အချိန်ခန့်က မြို့တွင်း၌ မိုင်းတစ်လုံး‌ပေါက်ကွဲမှု ဖြစ်သွားခဲ့‌ကြောင်း သိရသည်။

စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့် ‌ထောက်ခံပွဲကို ယ‌နေ့ နံနက် ၁ဝ နာရီမှစ၍ မြဝတီမြို့ အမှတ် ၄ ရပ်ကွက် မြစန္ဒီပန်းခြံရင်ပြင်တွင် အမျိုးသား‌ရေးအင်အားစုများနှင့် တပ်မိသားစုဝင်များ ပါဝင်‌သော လူဦး‌ရေ ၄၀ဝ ခန့်ဖြင့် စုရပ်ပြုလုပ်ကာ မြို့တွင်းသို့ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။

ထိုသို့ စီတန်းလှည့်လည် ဆန္ဒပြပြီးချိန် နှင့် မ‌ရှေးမ‌နှောင်း မွန်းတည့်(၁၁း၅၀) အချိန်ခန့်တွင် မြဝတီမြို့ ဘုရင့်‌နောင်လမ်းမကြီးနံ‌ဘေး မြို့နယ်လျှပ်စစ်ရုံးဝင်းအနီး မိုင်းတစ်လုံး‌ပေါက်ကွဲမှု ဖြစ်သွားခဲ့‌ကြောင်း ဖြစ်စဉ်‌နေရာအနီး ‌နေထိုင်သူတစ်ဦးက သိရသည်။

အဆိုပါ မိုင်း‌ပေါက်ကွဲမှု‌ကြောင့် တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှု မရှိခဲ့‌ကြောငိး သိရသည်။