Home သတင်း အာဏာသိမ်းပြီး‌နောက်ပိုင်း KNU နှင့် NLD ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ ပထမဆုံးအကြိမ် ‌တွေ့ဆုံ

အာဏာသိမ်းပြီး‌နောက်ပိုင်း KNU နှင့် NLD ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ ပထမဆုံးအကြိမ် ‌တွေ့ဆုံ

1519

‌ဖေ‌ဖော်ဝါရီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

စစ်အာဏာသိမ်းမှု တစ်ပြည့်‌နောက်ပိုင်း ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ် (NLD) ထိပ်ပိုင်း‌ခေါင်း‌ဆောင်များအကြား ပထမဆုံးအကြိမ် အွန်လိုင်းဖြင့် ယမန်‌နေ့ ‌ဖေ‌ဖော်ဝါရီလ ၃ ရက်‌နေ့တွင် ‌တွေ့ဆုံ ‌ဆွေး‌နွေးမှုပြုလုပ်ခဲ့ကြသည်။

စစ်အာဏာရှင်ဆန့်ကျင်‌ရေးတွင် ဘုံရည်မှန်းချက် တူညီမှုရှိ‌နေသည့်အ‌ပေါ် ‌တွေ့ဆုံ‌ဆွေး‌နွေး‌နေကြခြင်းဖြစ်ပြီး ယမန်‌နေ့ ကနဦး ‌တွေ့ဆုံမှုတွင် မိတ်ဆက်‌ဆွေး‌နွေးခြင်းများသာ အဓိကပြုလုပ်ခဲ့ကြရာ ဆက်လက် ‌တွေ့ဆုံ ‌ဆွေး‌နွေးသွားရန်ရှိ‌ကြောင်း ‌တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူ KNU ဗဟိုနိုင်ငံခြား‌ရေး တာဝန်ခံ ပဒို‌စော‌တောနီးက ယခုလို‌ပြောသည်။

“အဓိကက ‌ရှေ့ဆက်မှာ ကျ‌နော်တို့ လက်တွဲ ‌ဆောင်ရွက်ဖို့အတွက်ပဲဖြစ်တယ်။ ကျ‌နော်တို့ ဘုံရည်မှန်းချက် တူ‌နေတဲ့အခါကျ‌တော့ လက်တွဲလုပ်‌ဆောင်နိုင်မယ့် အ‌နေအထားမှာအမြဲရှိတယ်။ အထူးသဖြင့် ဒီစစ်အာဏာရှင် ဆန့်ကျင်‌ရေးအပိုင်းမှာ‌ပေါ့။ “ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယမန်‌နေ့က ‌တွေ့ဆုံမှုတွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) မှ ဗဟိုအလုပ်အမှု‌ဆောင် အဖွဲ့ဝင် ဦး‌အောင်ကြည်ညွန့် ဦး‌ဆောင်ပြီး ဗဟိုအလုပ်‌ကော်မတီအဖွဲ့ဝင် ‌ဒေါက်တာခင်‌ဆောင်၊ ဦးထွန်းမြင့်၊ ဦး‌ကျော်‌ထွေး၊ ဦးမျိုးနိုင်၊ ဦးဝင်း‌အောင်နှင့် ဆက်ဆံ‌ရေးတာဝန်ခံ ဦးဘိုဘိုဦး တို့ပါဝင်တက်‌ရောက်ခဲ့သည်။

အလားတူ KNU ဘက်တွင်မူ ဒုတိယဥက္ကဋ္ဌ ပဒို‌စောကွယ်ထူးဝင်း၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူး၊ နိုင်ငံခြား‌ရေးတာဝန်ခံ ပဒို‌စော‌တောနီးနှင့် ဗဟိုအမြဲတမ်း‌ကော်မတီဝင် ပဒို ‌စောအဲကလူ‌စေး၊ ဗဟိုအမြဲတမ်း ‌ကော်မတီဝင် ပဒို‌စောအဲထူး၊ ရုံးအဖွဲ့မှူး ‌စောနီမရို့တို့ ပါဝင်တက်‌ရောက်ခဲ့ကြသည်။

KNU သည် ၁၉၉ဝ ပြည့်လွန်နှစ်များကတည်းက NLD ပါတီအ‌ပေါ် ခိုင်မာစွာ‌ထောက်ခံခဲ့ပြီး ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်‌ထောင်စု တည်‌ထောင်ရန်အစဉ်တစိုက် ‌တောင်းဆိုခဲ့လာခဲ့သည့် အဖွဲ့ဖြစ်သည်။ ၂၀၁၅ ‌ရွေး‌ကောက်ပွဲမှ အာဏာရလာခဲ့သည့် NLD အစိုးရအ‌နေဖြင့် အမျိုးသားရင်ကြား‌စေ့‌ရေး ‌ခေါင်းစဉ်‌အောက်တွင် တိုင်းရင်းသားများအ‌ပေါ် မျက်နှာသာမ‌ပေးခဲ့သည့်အတွက် NLD အ‌ပေါ် တိုင်းရင်းသားလူမျိုးများ၏ ယုံကြည်မှုများလည်း ကျဆင်းခဲ့ရသည်ဟု နိုင်ငံ‌ရေးသုံးသပ်သူများက ‌ထောက်ပြ‌ပြောဆိုကြသည်။

သို့‌သော် စစ်တပ်က ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ ရလဒ်ကို လက်မခံခဲ့ဘဲ မဲမသမာမှုရှိသည်ဟု အ‌ကြောင်းပြကာ အာဏာသိမ်းခဲ့ပြီး‌နောက်ပိုင်း NLD ပါတီအ‌နေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ‌တွေ့ဆုံမှုများ ကြိုးပမ်းပြုလုပ်ခဲ့‌သော်လည်း ‌ထောက်ခံမှုမရရှိခဲ့‌ပေ။

ထို့‌ကြောင့် (NLD အ‌နေဖြင့်) စစ်အာဏာရှင်အမြစ်ပြတ်‌ရေး အစိုးရသစြဖွဲ့စည်းမှုများ၊ မဟာမိတ်ဖွဲ့ စည်းမှုများဖြင့် စစ်တပ်အ‌ပေါ် လက်နက်ကိုင် ခုခံ‌တော်လှန်‌ရေးအပြင် နိုင်ငံ‌ရေးနည်းလမ်း များဖြင့်လည်း တိုက်ခိုက်သွားရန် တရားဝင်ထုတ်ပြန်ထားပြီး သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်း‌ခေါင်း‌ဆောင်များနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ အကြိမ်ကြိမ် ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။