ဖေဖော်ဝါရီ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်(တပ်မဟာ ၆ နယ်မြေ )အတွင်းရှိ လေးကေကော်ဒေသနှင့် ကော့ကရိတ် ဒေသတို့တွင် စစ်ကောင်စီတပ်နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်း တပ်ဖွဲ့ များအကြား ယခုအချိန် ပစ်ခတ်တိုက်ခိုက်မှုများရှိနေဆဲဖြစ်၍ စစ်ရှောင်များအနေဖြင့် နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း မြေပြင်သတင်းအရ သိရသည်။
အဆိုပါ ပစ်ခတ်မှုများဆက်ရှိနေ၍ စစ်ဘေးရှောင်များအနေဖြင့် လေးကေကော် ဒေသသို့နေရပ်ပြန် နေရန် မဖြစ်သေးသလို ကော့ကရိတ်ဘက်တွင်မူ ကျေးရွာအချို့ နေရပ်ပြန် နေထိုင်ရန် ပြန်လာကြရာတွင် စစ်ကောင်စီ တပ်များမှ နေအိမ်များ ဖောက်ထွင်း၍ပစ္စည်းများ ယူဆောင်သွားခြင်း၊ ဖျက်ဆီးသွားခြင်းတို့ကြောင့် နေထိုင်ရေး အခက်အခဲများ ကြုံနေကြရကြောင်း စစ်ဘေးရှောင်ဒေသခံများ ပြောစကားအရ သိရသည်။
“လေးကေကော် ဘက်ကတော့ စစ်ဘေးရှောင်တွေ နေရပ်မပြန်ရဲကြသေးဘူး၊ ပြီးခဲ့တဲ့ ၂ ရက်ကဆိုရင် အမြှောက်ကုန်းက လက်နက်ကြီး ၁၀ချက် ထက်မနည်း ရမ်းသမ်းပစ်တယ်။ ၃ ရပ်ကွက် ရေစက်ကုန် ဘက်နေ လည်း နေရာစုံလိုက်ပြီး လက်နက်ငယ်တွေ နဲ့ ပစ်တယ်၊ တိုက်ပွဲ ဖြစ်တာလည်းမဟုတ် ၊ သူတို့ တစ်ဘက် ထဲရပ်ကွက်တွေ ဘက်ရောတောင်ကြောတွေ ဘက်ရော၊ ပစ်ခတ်တာတွေ လုပ်တယ် ။ KNLA ဘက်ကတော့ ပစ်ခတ်တာမရှိဘူး” ဟု လေးကေကော် ဒေသခံစစ်ဘေးရှောင်နေရသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၉ရက်နေ့ နံနက်ပိုင်းက ကော့ကရိတ် _ကျိုက်ဒုံ လမ်းပိုင်းရှိ ကြာအင်း_တဂေးလမ်း ပိုင်း နေရာဘက်တွင် နယ်မြေကျော်လွန်ဝင်ရောက် လာသည့် စသ်ကောင်စီတပ်များနှင့် ၂ ဘက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်တစ်လုံးနှင့် အိမ်မွေးတိရိစ္ဆာန်တချို့ ထိခိုက်မှုရှိခဲ့ကြောင်း၊ ပစ်ခတ် မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်များ အင်အားတိုးရောက်ရှိလာနေသည့်အတွက် ဒေသခံများ တိုက်ပွဲလွတ်ရာသို့ ရှောင်တိမ်းနေထိုင်နေရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မြို့ဟောင်းကျေးရွာ ၊ အံဖကြီးကျေးရွာဘက် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် နေရသူများ နေရပ်ပြန်နေထိုင်ကြရန် ရွာဘက်သို့ ပြန်လာချိန်တွင် နေအိမ်များအတွင်း စစ်ကောင်စီတပ်ဘက်က ဖောက်ထွင်း ဖျက်ဆီးယူဆောင်သွားသည့် အခြေအနေများကြောင့် နေထိုင်စားသောက် ရေး အခက်တွေ့ နေကြရကြောင်း နေရပ်ပြန် နေထိုင်ကြသည့် မြို့ဟောင်းကျေးရွာသားများက ပြောသည်။
“ကော့ကရိတ် ဘက်ကတော့ ဖန်ခါးကုန်း ရွာဘက်မှာ စစ်ကောင်စီတပ်တွေ ရှိနေတယ် ။ နောက် ချောင်း သောင်ဒုံးကွင်း(နှစ်သစ်ကူးကွင်း) နဲ့ ရေလည်ကုန်းဘက်မှာတော့ လက်နက်ကြီးအဖွဲ့တွေ ရှိနေတုန်းပါပဲ၊ စစ်ဘေးရှောင် ကော့နွဲ ၊ အံဖကြီး၊ မြို့ဟောင်း၊ ရွာသစ်ကုန်းရွာဘက်တွေ နေရပ်ပြန်လာနေကြတော့ အိမ်တိုင်း ဖောက်ပြီး စစ်ကောင်စီ စစ်သားတွေပစ္စည်းတွေ ယူသွားတာ ဖျက်ဆီးသွားကြတာကြောင့် စစ်ဘေးရှောင်တွေ ဒုက္ခ ရောက်ကြရတယ်၊ ကျွဲနွားတွေ လွတ်ထားခဲ့တာလည်း ပြန်လိုက်မရှာရဲသေးဘူး၊ စစ်တပ်နဲ့ တိုးရင်ဖမ်းတာ ၊ နှိပ် စက်တာ ၊ ပေါ်တာ ခေါ်တာတွေဖြစ်မှာ ကြောက်နေကြတယ်။” ဟု မြို့ဟောင်းကျေးရွာနေသူတစ်ဦးက ပြော သည်။
KNU တပ်မဟာ ၆ နယ်မြေအတွင်း မြဝတီ_လေးကေကော်_ဝေါလေ လမ်းပိုင်းတွင် စစ်ကောင်စီ အခြေချစစ် ကြောင်းများနယ်မြေကျော်လွန် ဆက်လက် တပ်စွဲထားဆဲဖြစ်ပြီး ကော့ကရိတ်ဒေသဘက်တွက်လည်း ကော့ ကရိတ် _ကျိုက်ဒုံလမ်းပိုင်းမှ ကြာအင်းဆိပ်ကြီးအထိ နယ်မြေကျော်လွန် ဝင်ရောက် စိုးမိုးထားနိုင်ရန် နေ့စဉ် အင်အားတိုး လုပ်ဆောင်လာနေမှုများကြောင့် နယ်မြေခံ KNLA တပ်ရင်း ၂၇ ပူပေါင်းအဖွဲ့ များနှင့် စစ်ရေးတင်းမာနေသည့် အခြေအနေတွင်ရှိနေကြောင်း မြေပြင်သတင်းအရ သိရသည်။
ဒူးပလာယာခရိုင် လေးကေကော်နှင့် ကော့ကရိတ်ဒေသအပါအဝင် မူတြော်ခရိုင်၊ သထုံခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် ဘိတ်-ထားဝယ်ခရိုင်တို့တွင် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်တို့မှ စစ်ရေးလှုပ်ရှားမှုနှင့် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် ကေအဲန်ယူ နယ်မြေအတွင်း ဒေသခံပြည်သူ ၇၀၀၀၀ (ခုနှစ်သောင်း)ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ယခုလ ဖေဖော်ဝါရီလ ၈ရက်နေ့တွင် ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။



















