ဖေဖော်ဝါရီ ၁၆ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အား အသုံးပြုမှုမှာ လက်ရှိအချိန်တွင် နေ့စဉ်နီးပါး မီးပျက်ချိန်များလာသည့်အ တွက် အများပြည်သူမှာ မီးသွေးဝယ်ယူ သုံးစွဲကြသူများလာသဖြင့် မီးသွေးစျေးနှုန်းမှာလည်း မြှင့်တက်လာသည်ဟု မီးသွေးရောင်းဝယ်သူများနှင့် သုံးစွဲသူများထံမှ သိရသည်။
လျှပ်စစ်မီးရရှိသည့် မြို့နှင့်ကျေးရွာများတွင် လျှပ်စစ်မီး ပုံမှန်မလာတော့ဘဲဖြစ်နေပြီး သာမန် လက်လုပ်လက်စား လူအ များစုမှာ ချက်ပြုတ်ရေးအတွက် မီးသွေးများကိုသာ ပြန်လည်အသုံးပြုလာရသောကြောင့် မီးသွေးရောင်းအားမှာ ယခင် ကထက် ပိုမို ရောင်းကောင်းလာခြင်းဖြစ်သည်ဟု မီးသွေးရောင်းဝယ်သူများက ပြောဆိုသည်။
ဖားအံမြို့ရှိ မီးသွေးရောင်းဝယ်သူတစ်ဦးက “အခုက မီးတွေ ပုံမှန်မလာတော့ဘူးလေ။ မီးမလာတော့ ချက်ပြုတ်တဲ့နေ ရာမှာ မီးသွေးကိုပဲ ပြန်အားကိုးရတယ်။ အရင် မီးပုံမှန်လာတုန်းကတော့ မီးသွေး အရမ်းမရောင်းရဘူး။ အခုက တော် တော်များများ မီးသွေး လာဝယ်ကြတယ်။ ပြီးတော့ ကုန်စျေးနှုန်းအားလုံးတက်တော့ မီးသွေးလည်း လိုက်တက်တာပေါ့။ အသစ်ရောက်လာတဲ့ မီးသွေးက စျေးနှုန်းက တော်တော်တက်လာတယ်။ ကျမတို့က ကြာအင်းဆိပ်ကြီးကနေ မီးသွေး ယူတယ်။ လမ်းကြောင်းမကောင်းတော့ မီးသွေးတွေ အများကြီးရောက်မလာဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။
မီးပျက်များသည့်အချိန်တွင် ငွေကြေးတတ်နိုင်သူအချို့သည် ချက်ပြုတ်သည့်နေရာတွင် မီးစက်နှင့် ဂက်စ်များကို ပြန် လည်အသုံးပြုသော်လည်း ဓာတ်ဆီစျေးနှုန်း၊ ဂက်စ်စျေးနှုန်းများ မြင့်တက်လာသည့်အတွက် သာမန်လူတန်းစား အများ စုမှာ မီးသွေးကိုသာ ပို၍ အသုံးပြုလာကြခြင်းဖြစ်သည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ မီးသွေးဖိုလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံတစ်ဦးက “မီးသွေးက မြို့မှာ မကဘူး။ ကျနော်တို့ဆီမှာကတည်းက စျေးတက်တာ။ အခုက သစ်တွေ လိုက်ဝယ်ရတာ သိပ်မရှိတော့ စျေးတက်လာတယ်။ ပြီးတော့ သယ်ရပြုရတာတွေက ကားဆီကုန်တယ်။ အခု စက်သုံးဆီ စျေးနှုန်းတက်တော့ ကုန်ကျစရိတ်ပိုကုန်တော့ စျေးနှုန်းတက်တာပေါ့။ ကျနော်တို့ဒေသမှာ အရင်က အိတ်အကြီး ၅ထောင်တန်အိတ်ဆိုရင် အခု ၇ထောင်ကျပ် ရှိနေ ပြီ။”ဟု ကေအိုင်စီသို့ ပြောသည်။
ဖားအံမြို့တွင် ယခင်က တစ်ပိဿာလျှင် ၄၀၀ကျပ်ရှိသည့် မီးသွေးစျေးနှုန်းမှာ လက်ရှိအချိန်တွင် တစ်ပိဿာလျှင် ၅၀၀ ကျော် ၆၀၀ကျပ်နီးပါး ရှိနေပြီးဖြစ်သည့်အပြင် မီးသွေးအိတ်ဆွဲနှင့်ဝယ်ယူပါက ယခင် (၄၅၀၀)ကျပ် တန်ဘိုးရှိသည့် မီးသွေးတစ်အိတ်ကို ယခု ၆၀၀၀ကျပ်နှင့်အထက် ပေးဝယ်နေရသည်ဟု သိရသည်။
ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် အလားတူ မီးသွေးစျေးနှုန်းတက်သလို မီးသွေးလုပ်ကိုင်နေသည့် အချို့နေရာ များတွင် တိုက်ပွဲများ ဖြစ်ပွားပြီး နယ်မြေမတည်ငြိမ်သည့်အတွက် မီးသွေးများ ရောင်းဝယ်ပို့ဆောင်ရန် အခက်အခဲရှိကြ သည့်အပြင် လက်ရှိအချိန်တွင်လည်း မီးသွေးအသုံးပြုမည့် သစ်ပုပ်များနည်းလာပြီး အဆိုပါသစ်စျေးနှုန်းတက်လာသည့် အတွက် မီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်သူ နည်းလာကြောင်းလည်း သိရသည်။
လျှပ်စစ်မီးရရှိသည့် နေရာများတွင် အလှည့်ကျ မီးပေးနေသည့်အတွက် ယခုအချိန်ထိ လျှပ်စစ်မီးပုံမှန်မလာသော်လည်း လျှပ်စစ်သုံးစွဲသည့် မီတာခ စျေးနှုန်းများသည် နည်းလာခြင်းမရှိသလို မီတာခပေးချေရမှု ယခင်ထက် ပိုများလာ ကြောင်း ကော့ကရိတ်မြို့နှင့် ဖားအံမြို့ရှိ ရပ်မိရပ်ဖအချို့က ပြောသည်။
ဖားအံမြို့ရှိ ဒေသခံတစ်ဦးက “မီးက ထမင်းချက်ရင်း မီးပျက်တော့တချို့က ချက်ထားတဲ့ ထမင်းသွန်ပစ်ရတယ်။ ပြီးတော့ ကျမတို့က စက်ချုပ်ရတော့ လျှပ်စစ်မီးကို အားကိုးရတယ်။ အခုဘယ်လိုမှ အဆင်မပြေဘူး။ မီးစက်ပြန်သုံးရ တယ်။ မီးစက်ကလည်း ဓာတ်ဆီစျေးနှုန်း အရမ်းတက်တယ်။ လုံးဝ အဆင်မပြေဘူး။ မီတာခလည်း မလျော့ဘူး။ လျှပ် စစ်မီးအတွက်က အများကြီးကုန်နေပြီး။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိသည့် စက်ရုံများသည် ဓာတ်အား ထုတ်လုပ်နိုင်မှု လျော့နည်းလာနေသည့်အတွက် အချို့သောနေရာများတွင် ဝန်အားလျှော့ချရခြင်း၊ လက်ရှိ မီးရရှိသုံးစွဲ နေသည့် အိမ်ထောင်စုများအနေဖြင့် မီးလင်းအားတူပြီး ဓာတ်အား သုံးစွဲမှုနည်းသည့် LED မီးသီး၊ မီးချောင်းများကို အစားထိုး အသုံးပြုခြင်း၊ မလိုအပ်ဘဲ မီးခလုတ်များကို ပိတ်ခြင်းအားဖြင့် လျော့နည်းစေမှုအားကို ပြန်လည်ဖြည့်တင်း အစားထိုးနိုင်ကြောင်းကို စစ်ကောင်စီ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။



















