Home သတင်း ထိုင်းနိုင်ငံထုတ် အသားချောင်းစားမိ၍ ဘုရားသုံးဆူမြို့တွင် ကလေး ၁ ဦးသေဆုံးပြီး ၁၅ ဦးကျော် အရေးပေါ်ဆေးရုံတင်ထားရ

ထိုင်းနိုင်ငံထုတ် အသားချောင်းစားမိ၍ ဘုရားသုံးဆူမြို့တွင် ကလေး ၁ ဦးသေဆုံးပြီး ၁၅ ဦးကျော် အရေးပေါ်ဆေးရုံတင်ထားရ

1040

ဖေဖော်ဝါရီ ၉ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ ထိုင်းနယ်စပ်လမ်းကြောင်းမှတစ်ဆင့် တင်သွင်းလာသည့် ထိုင်းနိုင်ငံထုတ် ကောင်းဘွိုင်အမှတ်တံဆိပ်ပါ အသားချောင်းစားမိ၍ ကလေး ၁ ဦးအသက်သေဆုံးပြီး ၁၅ ဦးကျော် အရေးပေါ်ဆေးရုံတင်ထားရသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ထိုင်းစာသားပါ ကောင်းဘွိုင်အမှတ်တံဆိပ် အသားချောင်းထုပ်များကို ဘုရားသုံးဆူမြို့ ရပ်ကွက် ၁ နှင့် သဘာဝရွာတို့တွင် ဝေငှပေးခဲ့ရာမှ ကလေးများ စားသုံးမိပြီးနောက် ဗိုက်အောင့် မူးဝေမှုဖြစ်လာပြီး အသက်ရှူ ကြပ်လာသည့်အတွက် ဘုရားသုံးဆူမြို့ဆေးရုံ၌ အရေးပေါ်ဆေးကုသမှုခံယူနေရသည်ဟု ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက “ မနေ့က ကလေး ၈ ဦး အသားချောင်းစားမိလို့ ဆေးရုံတင်ထားရတယ်။ ဒီနေ့က ၆ ဦးမှာ တစ်ဦးက လမ်းတစ်ဝက်မှာပဲ ဆုံးသွားတယ်။ မူးတယ်။ အန်တယ်။ နှုတ်ခမ်းတွေ ပြာလာတယ်။ အားလုံးကို အောက်ဆီဂျင်ပေးထားရတယ်။ အသားချောင်းထုပ်တွေ ဘယ်ကနေ လိုက်ဝေမှန်းတော့ မသိရသေးဘူး။ စားမိတဲ့ လူကြီးတွေက သိပ်မခံစားရပေမယ့် ကလေးတွေကျတော့ အကုန်အစာအဆိပ်သင့်ဖြစ်တယ်” ဟု ယနေ့ ဖေဖော်ဝါရီလ ၉ ရက်တွင် ပြောသည်။

အဆိုပါ ထိုင်းစာသားပါသည့် အသားချောင်းကုန်အမှတ်တံဆိပ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့က ထိုင်းအစိုးရ တာဝန်ရှိသူများမှ စားသုံးရန်မသင့်ဟု အသိပေးတားမြစ်ထုတ်ပြန်ထားပြီး မြန်မာနယ်စပ်ဘက်တွင် မည်သို့တင်သွင်းလာသည်ကို မသိရသော်လည်း အသားချောင်းထုပ်များ ကျေးရွာအနှံ့တွင် ပြန့်နှံ့ရောက်ရှိနိုင်သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။