ဖေဖော်ဝါရီ ၁၀ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကြခတ်ချောင်းရွာသားဖြစ်သူ ဒသမတန်းကျောင်းသားတစ်ဦးသည် စစ် ကောင်စီတပ်ထောင်ထားသောမိုင်းကို နင်းမိ၍ ထိခိုက်ဒဏ်ရာရရှိပြီး ခြေတစ်ဖက်ဖြတ်လိုက်ရသည်ဟု ရွာသား များထံမှ သိရသည်။
ကြခတ်ချောင်းရွာ အထက်တန်းကျောင်းတွင် ဒသမ တန်းတက်ရောက်နေသော မောင်သောကြာ အသက် ၁၆ နှစ် သည် ဖေဖော်ဝါရီလ ၅ ရက်နေ့က ဝါပိုးကုန်းရွာအနီး အများပိုင်စားကျက်မြေ ဧရိယာဝင်းတွင် ဆိုင်ကယ်ဖြင့်ဖြတ် သန်းသွားစဉ် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း-ခလရ ၂၈၄ က ထောင်ထားသည့် မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သည့်ဆွေးမျိုးများထံမှ သိရသည်။
“ ခြံသွားကာဖို့ ဆိုင်ကယ်နဲ့သွားရင်း လမ်းမှာသစ်ကိုင်း ဆင်းဖယ်ရာကနေ မိုင်းနင်းမိသွားတာပါ။ ရွာသားတွေ သွားရလွယ်အောင် ဆိုင်ကယ်လမ်းဖောက်ထားကြတာလေ။ အများသွားနေကျလမ်းပါပဲ။ ခလရ ၂၈၄ တပ်က မိုင်းထောင်ထားတာပါ။ တပ်က မိုင်းထောင်ထားတာကို အသိပေးတာရှိတယ်လို့ ပြောကြတာပဲ။ ကလေးက အခုစစ်ဆေးရုံမှာ ခြေတစ်ဖက်ဖြတ်ထားရတယ်”ဟု အမည်မဖော်လိုသူ ကြခတ်ချောင်းရွာသားတစ်ဦးက ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
ကြခတ်ချောင်းဒေသခံများမှ ကြာအင်းဆိပ်ကြီးမြို့နှင့် ဥယျာဉ်ခြံများသို့သွားလျှင် ဝါပိုးကုန်းရွာနှင့် စစ်ကောင်စီတပ် ၂၈၄ တပ်ရင်းတို့ကြားရှိ အများပိုင် စားကျက်မြေဧရိယာဝင်းကို နေ့စဉ်ဖြတ်သန်းသွားလာလျက်ရှိပြီး စစ်ကောင်စီတပ်က ၎င်းတို့စစ်တပ်အနီး ဖြတ်သန်းသွားလာမှုကို မလိုလားသည့်အတွက် အများဖြတ်သန်းသွား လာသည့်လမ်းပေါ်တွင် မိုင်းထောင် ထားခြင်းဖြစ်သည်ဟု ရွာသားများက ပြောဆိုကြသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ဝါပိုးကုန်းရွာအနီး အခြေစိုက်သည့် ခလရ ၂၈၄ တပ်ရင်းသည် ရွာသားများ၏ ရာဘာခြံ ဧရိယာဝင်းနေရာများတွင် နေထိုင်လှုပ်ရှားမှုရှိသည့်အတွက် ဒေသခံအများစုမှာ ၎င်းတို့ခြံများကို စွန့်ပစ်ထားရပြီး အများဖြတ်သန်းသွားလာသည့် လမ်းမတွင် စစ်တပ်က မိုင်းထောင်ထားသည့်အပေါ် ရွာသားများ စိုးရိမ်လျက်ရှိ သည်ဟု သိရသည်။



















