Home သတင်း ကော့ကရိတ်ရှိ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံသေဆုံးထိခိုက်ဒဏ်ရာရ

ကော့ကရိတ်ရှိ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံသေဆုံးထိခိုက်ဒဏ်ရာရ

1105
Photo: CJ

ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့တောင်ဘက် ကမိုင်ကုန်းကျေးရွာအတွင်း ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့နံနက်တွင် ကော့က ရိတ်မြို့ စစ်ကောင်စီ တပ်ရင်း ခလရ ၉၇ နေပူခံ လက်နက်ကြီးပစ်ကုန်းမှ စစ်လိုက်သော လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း ကျေးရွာသားများ၏ ပြောစကားအရ သိရသည်။

နယ်မြေကျော်လွန်ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်စစ်ကြောင်း နှင့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် -KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း၂၇ ပူးပေါင်းတပ်များအကြား ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက်၊ ည ၇ နာရီကျော်အချိန်ခန့်မှ ည ၉ နာရီကျော်အချိန်အထိ တိုက်ပွဲဖြစ်ပွားရာတွင် ကော့ကရိတ် မြို့ စစ်ကောင်စီတပ်ရင်း ခလရ ၉၇ နေပူခံ လက်နက်ကြီးပစ်ကုန်းမှ လက်နက်ကြီး မော်တာစိန်ပြောင်းဖြင့် အချက် ၃၀ နီးပါး ရမ်းသမ်းပစ်ခတ်သည့်အတွက် ကမိုင်ကုန်းကျေးရွာအတွင်း ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ သည်။

ထို့အပြင် ယနေ့ ဖေဖော်ဝါရီလ ၁၈ နံနက်ပိုင်းတွင်လည်း ၎င်း ခလရ -၉၇ နေပူခံ လက်နက်ကြီးပစ်ကုန်းမှ ဆက်လက်ပစ်ခတ်မှုလုပ်ဆောင်သောကြောင့် ဒေသခံများစစ်ဘေးရှောင်ရှားရန် ပြင်ဆင်နေကြစဥ် နေအိမ်ခြံ ဝင်းအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် ကမိုင်ကုန်းရွာသား စောကျော်ဖော့ ပြင်းထန်ဒဏ်ရာရရှိပြီး ၎င်း၏ဇနီးဖြစ်သူ နော်ဖုတင် (၄၈)နှစ်သေဆုံးခဲ့ကြောင်း ဒေသခံ ကျေးရွာသားများက ကေအိုင်စီသို့ ပြောသည်။

Photo: CJ

“ကျနော်တို့ရွာသားတွေ ရှေ့လကတည်းက တိုက်ပွဲတွေကြောင့် သုံးဆက်သုံးဆူရွာဘက် စစ်ဘေးရှောင်နေကြတာ ၊ အခုရက်ပိုင်းထဲ အခြေအနေအေးပြီဆိုပြီး ရွာပြန်လာကြတာ အိမ်တွေအကုန်လုံးပစ္စည်းတွေ ယူသွားပြီး စစ်တပ် ကဖျက်ဆီး ထားတာတွေ ပြင်ဆင်ရှင်းလင်းနေတုန်း မနေ့ညပိုင်းအလုံးကြီးတွေ ရွာထဲတော်တော်ပစ်တယ်၊ ညက တိုက်ပွဲ ဖြစ်နေတယ်၊ ဒီမနက်လည်း ထပ်ပစ်တယ်။ မနက်၈နာရီကျော်မှာ ကော့ကရိတ် ၉၇ ဘက်က အလုံးကြီး ပစ်ထုတ်ရာမှာ စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေတဲ့ နော်ဖုတင်တို့ ခြံဝင်းထဲ အလုံးကြီးကျပြီး ဆုံးသွားတယ်၊ သူ့ယောကျ်ားကတော့ ဒဏ်ရာရတယ်” ဟု ကမိုင်ကုန်း စစ်ဘေးရှောင်ရွာသားတစ်ဦးက ပြောသည်။

ကော့ကရိတ် ဒေသအတွင်း ဖေဖော်ဝါရီလ ၁၄ ရက်မှစတင်၍ စစ်ကောင်စီတပ်မှ နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့များပါဝင်သော စစ်ကြောင်းဖြင့် ပူးပေါင်းကာ KNU တပ်မဟာ ၆ နယ်မြေအတွင်း နယ်ကျော်ဝင်ရောက် အင်အားတိုးရန် လုပ်ဆောင်လာမှုကြောင့် အံဖကြီး၊ ရေကျော်ကြီး၊ ကမိုင်ကုန်းကျေးရွာများဘက်တွင် နေ့စဥ် ရက်မခြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလျက်ရှိသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။

ယခင်ဇန်နဝါရီလအတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူများ နေရပ်ပြန်အခြေချနေထိုင်ပြန်လာနေထိုင်စဥ် ယခုလို တစ်ကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားသည့်အတွက် အံဖကြီး၊ ကမိုင်ကုန်းရွာသား လူတစ်ထောင် ကျော် ထပ်မံစစ်ဘေးရှောင်ကြရသလို လေကြောင်းမှ လာရောက်ပစ်ခတ်တိုက်ခိုက်မှုများရှိလာနိုင်သည့်အတွက် အနီးအနားကျေးရွာ ဒေသခံများပါ တိုက်ပွဲများပြန်လည်ကူးစက်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြကြောင်း စစ်ဘေးရှောင်များက ပြောသည်။