Home သတင်း ကော့ကရိတ်ဆေးရုံအုပ်အပါအဝင် လူ ၅ ဦး၏ နေအိမ်များအား စစ်ကောင်စီ ချိတ်ပိတ်

ကော့ကရိတ်ဆေးရုံအုပ်အပါအဝင် လူ ၅ ဦး၏ နေအိမ်များအား စစ်ကောင်စီ ချိတ်ပိတ်

1415
Photo: CJ

ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သူ ကော့ကရိတ်မြို့ပြည်သူ့ဆေးရုံအုပ် ဆရာဝန်တစ်ဦးအပါအဝင် လူ ၅ ဦး ၏ နေအိမ်များအား ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ရဲနှင့် စစ်တပ်တို့က လာရောက်ချိတ်ပိတ်သွားကြောင်း သိရှိရသည်။

ကော့ကရိတ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာကိုကိုဦးအပါအဝင် လူ ၅ ဦးအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း(EAOs)များကို အကူအညီအထောက်ပံ့ပေးသည်ဟူသည့် စွပ်စွဲချက်ဖြင့် ၎င်းတို့နေထိုင်သည့် နေအိမ်များကို လာရောက်ချိတ်ပိတ်သွားခြင်းဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

“မနက်ဆယ် နာရီလောက်ကြားလိုက်ရတဲ့ သတင်းပေါ့၊ သူတို့စိတ်ကြိုက် သူတို့ဥပဒေနဲ့စာအချို့ရေးထားတဲ့ ဗီနိုင်းတစ်ခု အိမ်ရှေ့လာကပ်ပြီး ကျနော်တို့ မိသားစုအိမ်လေးကို လာချိတ်ပိတ်သွားကြတယ်။ ဘိုးဘွားမိဘပိုင်မြေမှာ ကျနော်ရဲ့ချွေးနဲစာနဲ့ပြုပြင်တည်ဆောက်ထားတဲ့အိမ်လေးမို့ နှမြောမိပါရဲ့၊ ဒါပေမယ့် အသက်ပေးလိုက်ရတဲ့ပြည်သူတွေရဲ့မျက်နှာတွေပြန်မြင်ယောင်တော့ ထူးပြီးဝမ်းနည်းစရာမရှိတော့ပါဘူး၊ မတရားအာဏာ သိမ်းတာကို ဆန်ကျင့်ပြီး CDM ကို လုပ်ခဲ့တယ်။ နောင်တလုံးဝမရဘဲ ဆက်လုပ်သွားမှာပဲ၊ “ဟု ကော့ကရိတ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာကိုကိုဦးက ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက ချိတ်ပိတ်ခံရသည့်အိမ်များမှာ ကော့ကရိတ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာကိုကိုဦး၏ နေအိမ်၊ ကော့ကရိတ်အမျိုးသားသားဒီမိုကရေစီအဖွဲ့ချုပ်-NLD အမျိုးသမီး တာဝန်ခံ နော်ဆေးဖောနေအိမ်၊ ကရင်ပြည်နယ်အရပ်ဖက်အဖွဲ့အစည်း-KSCN (ကော့ကရိတ်တာဝန်ခံ) နော်တကောထူးနေအိမ် နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုညီညီလွင် နှင့် ကိုလွင်ဦးနေအိမ်တို့ နေအိမ်များဖြစ်ကြသည်။

ကော့ကရိတ်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တိုက်ပွဲများတွင်ပါဝင်ခဲ့သည့် ပညာရေးဝန်ထမ်းများ၊ အရပ်သားများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများပါဝင်သော လူ ၂၀ ကျော်ကို စစ်ကောင်စီအား ဆန့်ကျင်သူများ နှိပ်ကွက်ရန် အမိန့်ထုတ်ထားသည့် ဥပဒေ ပုဒ်မများဖြင့် တရာစွဲဆို ဖမ်းဝရမ်းစာထုတ်ထားခံရသူများထဲတွင် ယခုနေအိမ် ချိတ်ပိတ်ခံရသည့် ကော့ကရိတ်ဆေးရုံအုပ် အပါအဝင် လူ ၅ ဦးတို့ အပါအဝင်ဖြစ်သည်ဟု သိရသည်။

ဆေးရုံအုပ်ဆရာဝန် ဒေါက်တာကိုကိုဦးအပါအဝင် လူ ၅ ဦးတို့နေထိုင်ခဲ့သော အိမ်များအား ချိတ်ပိတ်ခဲ့‌သော်လည်း အဆိုပါ အိမ်များသည် ၎င်းတို့ စွပ်စွဲ/အမှုဖွင့်ထားသည့် လူပုဂ္ဂိုလ်များပိုင်ဆိုင်သည့် ဂရမ်အမည်ပေါက် အိမ်/ခြံများမဟုတ်ဘဲ အမွေဆိုင်အိမ်များ/စွပ်စွဲခံပုဂ္ဂိုလ်များ နေထိုင်ဖူးခဲ့သည့်အိမ်များဖြစ်သောကြောင့် ကျန်ရှိနေသည့် ဆွေမျိုးများ၊ အိမ်ပိုင်ရှင်များ ဆက်လက် နေထိုင်ရန်နှင့် လတ်တလော ရွှေ့ပြောင်းရန် အခက်အခဲများကြုံတွေ့နေရကြောင်း မိသားစုဝင်များပြောစကားအရ သိရသည်။

ယခု နေအိမ်ချိတ်ပိတ်ခံရသူများကိုလည်း စစ်အာဏာသိမ်းကာလအစ ၂၀၂၁ ခုနှစ် မတ်လကတည်းက ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်လှစ်စွဲဆိုထားပြီး အချို့သူများမှာ ပုဒ်မ (၃)ခုထက်မနည်း အမှုဖွင့်ထားကြောင်းလည်း နီးစပ်သူများက ပြောသည်။