ဒီဇင်ဘာ ၁၄ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
မြန်မာအရပ်ဖက်အဖွဲ့အစည်းများမှ ပူးပေါင်းပြီး လူ့အခွင့်အရေး ကော်မရှင်သစ် တစ်ရပ်ပြန်လည်ဖွဲ့စည်းရန် ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင်(Union Human Rights Commission – UHRC)ဥပဒေမူကြမ်း တစ်ရပ်ရေဆွဲကာ ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အွန်လိုင်း သတင်းစာရှင်းလင်းပွဲ၌ အဆိုပြု တင်သွင်း ရှင်းလင်းပြောဆိုသွားသည်။
ယခင် ဦးသိန်းစိန် အစိုးရ လက်ထက်က ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHCR) အနေဖြင့် လက်ရှိ စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် နုတ်ဆိတ်နေခြင်းအပေါ် ၎င်းကော်မရှင်ကို ဖျက်သိမ်းပြီး ကော်မရှင်သစ်ဖွဲ့စည်းနိုင်ရန် ဥပဒေ မူကြမ်းသစ်တစ်ရပ်ကို ရေးဆွဲထားကြောင်း ယနေ့ ရှင်းလင်းပွဲတွင် အရပ်ဖက် တာဝန်ရှိသူများက ရှင်းလင်းပြောဆိုသွားခဲ့သည်။
“MNHCR က လူ့အခွင့်အရေး ချိုးဖောက်မှုကို ကာကွယ်မပေးနိုင်သည်သာမက သူက ချိုးဖောက်နေတဲ့ အကြမ်း ဖက် စစ်ကောင်စီကိုပါ အကာအကွယ်ပေးပြီးတော့မှ အဲ့ဒီ အကြမ်းဖက်မှုတွေမှာ သူက ပါဝင်ပတ်သက် ပြီး ကျူးလွန်နေတာမျိုး ဖြစ်သွားတယ်။ အထူးသဖြင့် စစ်တပ်ရဲ့ ဘယ်တုန်းကမှ အပြစ်ပေးအရေးယူမခံရတဲ့ ကိစ္စကို MNHCR က အခုလို ဆက်ပြီး ဖုံးဖိထားပေးခြင်း နုတ်ပိတ်ထားခြင်းအားဖြင့် ဒီလိုမျိုး လူမဆန် ရက်စက်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ အားပေးအားမြောက်ပြုသလိုဖြစ်နေတယ်။” ဟု ရှေ့ပြေးအသံ(PV)၏ ဘုတ်ဒါရိုက်တာ ဒေါ်ခင်ဥမ္မာက ရှင်းလင်းပြောဆိုခဲ့သည်။
ထို့အပြင် နှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖောက်မှု အကြမ်းဖက်မှုပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့် မြန်မာနိုင်ငံ အနာဂတ်အနေဖြင့် လူ့အခွင့်အရေး စံချိန်စံနှုန်းပေါ်မူတည်၍သာ ဖက်ဒရယ် အခြေခံအုတ်မြစ်ကို တည်ထောင်နိုင်မည်ဖြစ်ကြောင်းလည်း ဒေါ်ခင်ဥမ္မာက ဆက်ပြောသည်။
ယနေ့ ရှင်းလင်း တင်ပြဆွေးနွေးသွားသည့် ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် (UHRC) ဥပဒေမူကြမ်းကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (အလုပ်အဖွဲ့)မှ ပြင်ဆင်ရေးဆွဲပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည် ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ထံသို့ ယခုလ ၆ ရက်နေ့က ပေးပို့တင်သွင်ထားကြောင်း ဆက်လက် ပြောဆိုခဲ့ပြီး တစ်စုံတစ်ရာ တုန့်ပြန်မှု မရသေးကြောင်းလည်း သိရသည်။
အဆိုပါ ဥပဒေမူကြမ်းသည်လည်း စစ်အာဏာသိမ်းရေး ကြိုးပမ်းမှုနောက်ပိုင်း အရပ်ဘက်လူထုအဖွဲ့အစည်းများ မှ တရားဝင်အစိုးရထံသို့ ပေးပို့တင်သွင်းသည့် ပထမဆုံးသော ဥပဒေတစ်ခုလည်း ဖြစ်သည်။
ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင် (UHRC) ဥပဒေမူကြမ်းကို ၂၀၂၁ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ အချိန် ၅ လနီးပါးယူ၍ ပြင်ဆင်ရေးသားထားခြင်းဖြစ်ပြီး အလုပ်အဖွဲ့မှ ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေ ပညာရှင်များနှင့် အပြန်ပြန်အလှန်လှန်ဆွေးနွေးပြင်ဆင်ရေးသားခဲ့သည် ဥပဒေ မူကြမ်းဖြစ်သည်ဟုလည်း သိရသည်။
ယနေ့ ဆွေးနွေး ရှင်းလင်းပွဲတွင် ပါဝင်ဆွေးနွေးကြသူများမှာ ရှေ့ပြေးအသံအဖွဲ့(PV)မှ ဒေါ်ခင်ဥမ္မာ၊ ကရင်လူ့အခွင့် အရေးအဖွဲ့(KHRG)မှ နော်ထူးထူး၊ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှု ကော်မတီ(ACDD) မှ မသဉ္ဇာရွှန်းလဲ့ရည်နှင့် လူမှုသဟဇာတဖော်ဆောင်ရေးအသင်း(Social harmony organization) မှ ကိုသက်ဆွေဝင်းတို့မှ အဓိက ရှင်းလင်းတင်ပြသွားခဲ့သည်။
၎င်းတို့အနေဖြင့် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသော မြေပြင်လူ့အခွင့်အရေး အခြေအနေများ၊ အဆိုပြုတင်သွင်းထားသော ဥပဒေ၏ အရေးပါမှုနှင့်အတူ ပါရီအခြေခံမူများနှင့် အပြည့်အဝကိုက်ညီသော လွတ်လပ်အမှီခိုကင်းသည့် ကော်မရှင်အသစ်တစ်ခု ဖွဲ့စည်းရေးအတွက် ရှေ့ဆက်လုပ်ဆောင်ချက်များကို ဆွေးနွေးတင်ပြသွားခြင်းဖြစ်သည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (အလုပ်အဖွဲ့)ကို ၂၀၁၉ ခုနှစ်မှာ CSOs အဖွဲ့အစည်းပေါင်း (၂၂)ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံအနှံ့ နောက်ခံမတူကွဲပြားသည့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို လှုပ်ရှားဆောင်ရွက်သည့် အဖွဲ့အစည်းများ ဖြစ်သည်။



















