Home ဆောင်းပါး ဗိုလ်မှူးချုပ် ‌စောမဲ‌အေစိန်နှင့်ဗိုလ်မှူးကြီး ‌စောဖိုးလှဝင်း (ပိုမီး)တို့၏ ‌တော်လှန်‌ရေးဘဝ ဖြတ်သန်းမှုများ

ဗိုလ်မှူးချုပ် ‌စောမဲ‌အေစိန်နှင့်ဗိုလ်မှူးကြီး ‌စောဖိုးလှဝင်း (ပိုမီး)တို့၏ ‌တော်လှန်‌ရေးဘဝ ဖြတ်သန်းမှုများ

1880
Photo: KNU

ဒီဇင်ဘာ ၁၄ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

“ဒီလူက အလုပ်‌တော်‌တော်လုပ်တယ်။ ၁၉၆၈ ‌လောက်မှာ သူက တပ်ကြပ်ကြီးပဲ‌လေ၊ ၇ဝ ‌လောက်ကျ‌တော့ သူက ဗိုလ်ဖြစ်သွားပြီ၊ သူက ‌တောင်ငူခရိုင်မှာပဲလုပ်တယ်။” ဟု ‌ကေအဲန်ယူ၊ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် ပဒို ‌စောသမိန်ထွန်းက ဒီဇင်ဘာလ ၁၂ ရက်‌နေ့တွင် ကွယ်လွန်သွားသည့် ဗိုလ်မှူးချုပ် ‌စောမဲ‌အေစိန်နှင့် ပတ်သက်၍ မှတ်ချက်ပြု‌ပြောသည်။

‌စောမဲ‌အေစိန်သည် လူငယ်ဘဝကတည်းက ကရင့်‌တော်လှန်‌ရေး၏ တာဝန်များက စတင်ထမ်း‌ဆောင်ခဲ့သူ တစ်ဦး ဖြစ်သည်။ သူသည် ကနဦးတွင် တပ်သားဘဝဖြင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA)၏ စစ်ဦး စီးချုပ်ရုံး၌ စတင်အမှုထမ်း‌ဆောင်ခဲ့ပြီး ဗိုလ်‌ကျော်မြသန်း၏ Personal Assistant အဖြစ် တာဝန်‌ပေးခြင်း ကိုခံရပါသည်။ တစ်ချိန်တည်းမှာပင် စစ်‌ရေးချုပ်ရုံး၏ Staff Captain အဖြစ်လည်း တာဝန်ထမ်း‌ဆောင်ခဲ့‌ကြောင်း ‌ကေအဲန်ယူက ‌ပြောသည်။

ထို့‌နောက် ၁၉၆၃ ခုနှစ်တွင် ‌ကေအဲန်ယူ-တပ်မဟာ ၂ ဘက်သို့ ‌ပြောင်း‌ရွှေ့တာဝန်‌ဆောင်ခဲ့ပြီး ၁၉၇ဝ ခုနှစ်တွင် ဗိုလ်အဖြစ်လည်း‌ကောင်း၊ ၁၉၇၇ ခုနှစ်တွင် တပ်မဟာ – ၂ ဗျူဟာမှူး အဖြစ်သို့ လည်း‌ကောင်း၊ ၁၉၉၂ ခုနှစ်တွင် တပ်မဟာ – ၂ တပ်မဟာမှူးအဖြစ်သို့လည်း‌ကောင်း၊ ‌တောင်ငူခရိုင် ဥက္ကဌအဖြစ် တွဲဖက် တာဝန်ယူ၍လည်း‌ကောင်း အဆင့်ဆင့် တာဝန်‌ပေးအပ်ခြင်း ခံခဲ့ရ‌သော ‌ခေါင်း‌ဆောင်ကြီးတစ်ဦးဖြစ်ခဲ့သည်။

“ သူတို့‌ဒေသ‌တွေက ‌တော်‌တော်ရှုပ်ခဲ့‌တော့ သူလည်း ‌တော်‌တော်‌လေးခံခဲ့ရတယ်။ သူ့ သက်တမ်း တ‌လျှောက်မှာ ‌တော့ ကြိုးကြိုးစားစားလုပ်လာတာ ‌တောက်‌လျှောက်ပဲဗျ” ဟု ပဒို‌စောသမိန်ထွန်းက ‌စောမဲ‌အေစိန် အ‌ကြောင်း သူမြင်‌တွေ့ခဲ့ရသည်များကို ပြန်‌ပြောပြသည်။

၎င်း‌နောက် ၂၀၁ဝ ပြည့် ‌နောက်ပိုင်းတွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် စစ်ဦးစီးချုပ်ရုံး (ဗဟို) ၌ စစ်ဦးစီးအရာရှိ ပထမတန်း G – 1 အဖြစ် တာဝန်‌ပေးအပ်ခြင်းခံရသည့်အပြင် ညီညွတ်‌သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်‌ကောင်စီ-UNFC၊ မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ် အဖွဲ့ချုပ်-DAB စစ်‌ကော်မတီ၏ အတွင်း‌ရေးမှူးအဖြစ်လည်း တာဝန်‌ပေးအပ်ခြင်းခံခဲ့ရသူဖြစ်သည်။

“သူက စီမံခန့်ခွဲတဲ့ ‌နေရာမှာ ‌စေ့စပ်‌သေချာတယ်။ သူ့ လက်‌အောက်ငယ်သား။ သူ့နယ်‌မြေမှာ ဘယ်သူက ဘယ်လို ဆိုတာ အ‌သေးစိတ်‌လေ့လာတယ်။ မှတ်ဉာဏ်လည်း ‌ကောင်းတယ်။ ဒီ‌တော့ သူ့ကိုပြန်လိမ်လို့ မရဘူး။ ဒီ‌တော့ ‌တောင်ငူဖြတ်‌လေးဖြတ်ကာလမှာ အထိမနာခဲ့ဘူး။ သူ့လက်‌အောက်မှာ ဆန်ပြုတ်‌တောင် မ‌သောက်ခဲ့ရဘူး။ ထမင်း နှပ်မှန်တယ်” ဟု တပ်မဟာ-၂ တွင် တာဝန်ထမ်း‌ဆောင်ခဲ့သည့် ယခင်‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ၁ ‌ဟောင်း ဗိုလ်မှူးကြီး‌စောလှ‌ငွေက ပြန်‌ပြောပြသည်။

ယခုလို တာဝန်ထမ်း‌ဆောင်ခဲ့ရာတွင် ‌စောမဲ‌အေစိန်သည် ‌ကေအဲန်ယူ၏ လမ်းစဉ်၊ သမိုင်း‌ကြောင်းများကို ရှင်းလင်း ‌ပြောပြနိုင်သည့် စစ်ဘက်‌ခေါင်း‌ဆောင်တစ်ဦး ဖြစ်သလို တာဝန်ထမ်း‌ဆောင်စဉ်တွင်လည်း စစ်စည်းကမ်းလိုက်နာမှု ‌ကောင်းသူတစ်ဦး ဖြစ်သည်ဟု လုပ်‌ဖော်ကိုင်ဖတ်များက မှတ်ချက်ပြုသည်။

“ သူ့ ရဲ့ အဓိက အား‌ကောင်းချက်က ဘာလဲဆိုရင် ရန်သူနဲ့ မိတ်‌ဆွေကို ‌ကောင်း‌ကောင်းခွဲခြားနိုင်တယ်။ ရန်သူနဲ့ မ‌စေ့စပ်ဘူး။ ‌သေတဲ့အချိန်ထိ ရန်သူ၊ မိတ်‌ဆွေခွဲခြားတတ်တယ်။ သူက‌သေရဲတယ်၊ တိုက်ရဲတယ်၊ ကရင့်‌တော်လှန် ‌ရေးက မှန်ကန်လို့ ‌အောင်ပွဲခံရမယ်လို့ သူက ခံယူထားသူဖြစ်တယ်” ဟု သူနှင့် အနီးကပ် တာဝန်ထမ်း ‌ဆောင်ခဲ့ဖူးသူ ဗိုလ်မှူးကြီး‌စောလှ‌ငွေက မှတ်ချက်ပြု‌ပြောသည်။

ထို့အပြင် သူသည် ခရီးသွားလာသည့်အခါ ရွာများ၌ အိမ်ကြီးအိမ်‌ကောင်းများတွင် တည်းခို‌လေ့မရှိသလို အမြဲတ‌စေ စစ်သတိဖြင့်‌နေထိုင်တက်ကာ သူ့လက်‌အောက်ငယ်သားများကိုလည်း ရသင့်ရထိုက်သည်များ ရရှိရန် စီမံ‌ပေးသလို တန်းတူ‌ရေးကို အ‌လေးထားသူ ဖြစ်ကာ ရဲ‌ဘော်ရဲဘက်စိတ်ရှိသူဖြစ်သည်ဟု လက်‌အောက်ငယ်သားများက ‌ပြောပြသည်။

ယခုလို ကရင့်‌တော်လှန်‌ရေးအတွက် တာဝန်‌ကျေပြွန်ခဲ့သည့် ဗိုလ်မှူးချုပ်‌စောမဲ‌အေစိန်သည် ဒီဇင်ဘာ ၁၂ရက်‌နေ့တွင် ‌တော်လှန်‌ရေးတာဝန်များနှင့် မိသားစုကို ချန်ခဲ့ကာ ခရစ်‌တော်၌ အိပ်‌ပျော်သွားခဲ့‌လေပြီး ဖြစ်သည်။

Photo: KNU

ဗိုလ်မှူးကြီး ‌စောဖိုးလှဝင်း(ပိုမီး)
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်‌နေ့တွင် ကွယ်လွန်သွားသည့် ဗိုလ်မှူးကြီး ‌စောဖိုးလှဝင်း (ပိုမီး) သည် ကရင့် ‌တော်လှန်‌ရေးထဲသို့ ၁၉၈၄ ခုနှစ်တွင် မူ‌တြော်ခရိုင် ဘူးသိုမြို့နယ် ပါဟိုက် ‌ကျေးရွာအုပ်စု၌ စတင်ဝင်‌ရောက်ခဲ့ပြီး ‌ကျေးရွာအုပ်စု နယ်‌မြေကာကွယ်‌ရေးအဖွဲ့၏ တာဝန်ခံတစ်ဦးအဖြစ် စတင်တာဝန်‌ပေးအပ်ခြင်းကိုခံခဲ့ရသည်ဟု ‌ကေအဲန်ယူက ထုတ်ပြန်သည်။

ထိုသို့ တာဝန်ထမ်း‌ဆောင်ရင်း ၁၉၈၆ ခုနှစ်တွင် ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့- KNDO တပ်ရင်း – ၁ ၏ တပ်ရင်း တပ်‌ထောက်ဗိုလ်အဖြစ် ရာထူးတိုးမြင့်ခြင်းခံခဲ့ရသည်။ ၂၀၀၁ ခုနှစ်တွင် သံလွင်မြစ်ဝှမ်း ၌ ဗျူဟာမှူး အဖြစ်တာဝန်‌ပေးခြင်းခံရသည်အပြင် ထိုင်း – ကရင် နယ်စပ်‌ရေးရာ တာဝန်ခံတစ်ဦးအဖြစ်လည်း ခန့်အပ်ခြင်း ခံခဲ့ရသည်။

၂၀၀၃ ခုနှစ်တွင် အီတူးထာ၌ ပြန်လည်အ‌ခြေချ‌နေထိုင်‌သောအခါ လုံခြုံ‌ရေး တာဝန်ခံအဖြစ်လည်း‌ကောင်း၊ ၂၀၁၃ ခုနှစ်တွင် ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့ -KNDO စစ်ဦးစီးချုပ်ရုံး (ဗဟို) ၏ စစ်‌ရေးချုပ်အဖြစ် ခန့်အပ်ခြင်းကို ခံခဲ့ရသည်။ ထို့‌နောက် ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့ -KNDO ၏ ဒုတိယစစ်ဦးချုပ်အဖြစ်ခန့်အပ်ခြင်း ခံရသည့် အပြင် ၂၀၂၁ ခုနှစ်တွင် ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့- KNDO ၏ ယာယီ စစ်ဦးစီးချုပ်အဖြစ် တာဝန်‌ပေးအပ်ခဲ့ပြီး ထိုတာဝန်ထမ်း‌ဆောင်ရင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်‌နေ့တွင် ကွယ်လွန်သွားခဲ့သည်။

ယခုလို ဝါရင့်‌တော်လှန်‌ရေးသမားများ ကွယ်လွန်သွားသည့်အတွက် မိခင်‌ကေအဲန်ယူ အ‌နေဖြင့် မိသားစုနှင့် အတူ ဝမ်းနည်းရသလို ကရင့်‌တော်လှန်‌ရေးအတွက် ကြီးမားသည့် ဆုံးရှုံးမှုကြီး တစ်ခုပင်ဖြစ်‌ကြောင်း ဂုဏ်ပြု ‌ပြောဆို သည်။

“ အများကြီးအတူလုပ်ခဲ့တဲ့ သူ‌တွေဆို‌တော့ သိပ်မ‌ပြောချင်ဘူး။ ‌ပြောရင် စိတ်ထိခိုက်တယ်” ဟု ပဒို‌စောသမိန်ထွန်းက ‌ကေအိုင်စီသို့ မှတ်ချက်ပြု ‌ပြောပြသည်။