ဒီဇင်ဘာ ၃၁ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်-NCA ပါ ကတိကဝတ်များကို တိကျစွာ လိုက်နာစောင့်ထိန်းရန် စစ်ကောင်စီ ၏ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး NCA ကို ချိုးဖောက်သူမှာ အာဏာသိမ်း စစ်ကောင်စီသာဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs)ဘက်က ပြန်လည် တုံ့ပြန်ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၃ဝရက် နေ့စွဲဖြင့် စစ်ကောင်စီဘက်မှ သတင်းထုတ်ပြန်ရာတွင် NCA ကို လက်မှတ်ရေးထိုး ထားသည့် EAO အဖွဲ့များအနေဖြင့် NCA ပါ ကတိကဝတ်များကို လိုက်နာသွားရန်နှင့် ချိုးဖောက်မှုများကိုလည်း အရေးယူဆောင်ရွက်သွားမည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး-KNU ဘက်မှ ယခုလို တုန့်ပြန်ပြောဆိုခဲ့သည်။
KNU ၏ နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးက “NCA ဆိုတာက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေ ရှင်းဖို့ နိုင်ငံရေး ယဉ်ကျေးမှုသစ်တစ်ခုကို အကြမ်းမဖက်ဘဲနဲ့ သွားဖို့ ဖြစ်တယ်။ ဒါပေမဲ့ အကြမ်းဖက်တဲ့နည်းကို သုံး တာက ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့က အကြမ်းဖက်နည်းနဲ့ အာဏာသိမ်းလိုက်တဲ့ စစ်တပ်ပဲ ဖြစ်တယ်။ NCA ကို ချိုးဖောက်တာက အာဏာသိမ်းယူလိုက်တဲ့ စစ်တပ်ပဲ ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောချင်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် NCA ပါ ကတိကဝတ်များနှင့် နှစ်ဦးနှစ်ဖက် နိုင်ငံရေးသဘောတူညီချက်များ၊ အဖွဲ့အစည်းအားလုံး၏ သဘောထားများပါဝင်သည့် သဘောတူညီချက်များကို ဖျက်ဆီးသွားသူမှာလည်း အာဏာသိမ်းယူလိုက်သည့် စစ် ကောင်စီသာဖြစ်ကြောင်း ပဒိုစောတောနီးက ဆက်ပြောသည်။
တပ်မတော်၏ ထုတ်ပြန်ချက်တွင် ၎င်းတို့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မည့်သူများနှင့် လက်နက် ခဲယမ်းများ ဖမ်းဆီးရမိကြောင်း ဖော်ပြထားသလို KNU အနေဖြင့် ၎င်းအကြမ်းဖက်လုပ်ရပ်များအတွက် အကူအညီ များ ပေးဆောင်နေကြောင်းလည်း ဆက်လက်ဖော်ပြထားသည်။
၎င်းကိစ္စနှင့်ပတ်သက်ပြီး ပဒိုစောတောနီးက “သူတို့ကို ဆန့်ကျင်တဲ့သူတွေကို ကျနော်တို့က လက်ခံထားတယ်ဆိုပြီး စွပ်စွဲတာတွေ့ရတယ်။ ပြောချင်တာက သူတို့သာ အာဏာမသိမ်းခဲ့ဘူး အကြမ်းဖက်တဲ့နည်းကို မသုံးခဲ့ဘူးဆိုရင် ဒီလို လူတွေ ကျနော်တို့ဆီ လာရောက်ခိုလှုံစရာအကြောင်းမရှိဘူး။ ကျနော်တို့က နိုင်ငံတကာဥပဒေအရရော၊ လူ့အခွင့်အ ရေးအရ လူသားချင်းစာနာထောက်ထားမှုနဲ့ သူတို့ကို ခိုလှုံခွင့် ပေးထားတာပဲ ဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ တပ်မတော်၏ ထုတ်ပြန်ချက်တွင် ၎င်းတို့အနေဖြင့် NCA စာချုပ်ပါ သဘောတူညီချက်များကို တိကျစွာ လိုက်နာဆောင်ရွက်နေကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့်လုပ်ဆောင်နိုင်ရန်လည်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီများကို ဖွဲ့စည်း၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် လမ်းကြောင်းများ ဖွင့်လှစ်ပေးခဲ့ ပြီးဖြစ်သည်ဟု ဖော်ပြထားသည်။
သို့သော် သမိုင်းတစ်လျှောက် ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေး သဘောတူ စာချုပ်များကို တပ်မတော်ဘက်ကသာ ချိုး ဖောက်ခဲ့ပြီး လက်ရှိ NCA ၏ အနှစ်သာရများကိုလည်း စစ်ကောင်စီဘက်ကသာ ချိုးဖောက်ခဲ့ခြင်းဖြစ်သည်ဟု NCA အပစ်ရပ် ၁ဝဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့-PPST ၏ ပြောခွင့်ရ ခွန်မြင့်ထွန်းက ယခုလိုပြောသည်။
၎င်းက “NCA ၏ အနှစ်သာရသည် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဖြစ်တယ်။ ယနေ့ စစ်ကောင်စီ အာဏာသိမ်းလိုက်တာသည် NCAရဲ့ အနစ်သာရကို ချိုးဖောက်လိုက်တာဖြစ်တယ်။ နောက် NCA အနှစ်သာရဖြစ်တဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်ရမယ်လို့ နှစ်ဖက်စလုံးက သဘောတူထားတာဖြစ်တယ်။ အခု ဖရူဆိုက ဖြစ်စဉ်အပါအဝင် တစ်နိုင်ငံလုံးမှာ ပြည်သူကို ရန်သူလို ဆက်ဆံပြီး အကြမ်းဖက်တဲ့နည်းနဲ့ လုပ်ဆောင်နေတာတွေက NCA ကိုချိုးဖောက်တာပဲ လို့ ပြောလို့ ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် စစ်ကောင်စီဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် လမ်းဖွင့်ပေးထားသော်လည်း စစ်တပ်၏ အာဏာသိမ်းမှု ကြောင့် ပြည်သူလူထုထောက်ခံသည့် အစိုးရမပါဘဲ အာဏာသိမ်းသူများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် မဖြစ်နိုင် သလို ဆွေးနွေးခြင်းမပြုရန်လည်း PPST က သဘောထား ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ခွန်မြင့်ထွန်းက ဆက်ပြော သည်။
စစ်အာဏာသိမ်းမှု မတိုင်ခင်ကစ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှင့် နိုင်ငံရေး ဆွေးနွေးမှုများ ရပ်တန့်သွားပြီး နိုင်ငံ တစ်ဝှမ်းဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ကာ စစ်တပ်ဘက်မှ အကြမ်းဖက်ဖြိုခွဲမှုများ ရှိခဲ့သလို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှု များ ပြုလုပ်ခဲ့ခြင်းကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူငယ်အများအပြား ဘေးလွတ်ရာ တိုင်းရင်းသားနယ် မြေများသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။
ထို့အပြင် ထိုသို့ ထွက်ပြေးခိုလှုံမှုများအပေါ် စစ်ကောင်စီဘက်မှ အင်အားသုံး၍ နယ်ကျော် ဝင်ရောက် ဖမ်းဆီးမှုများ ပြုလုပ်လာခြင်းကြောင့် အာဏာသိမ်းမှုကို လက်မခံသည့် နယ်မြေခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး သိန်းနှင့်ချီသည့် ပြည်သူများလည်း စစ်ဘေးရှောင်များ ဖြစ်လာခဲ့ရသည်။



















