Home သတင်း ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲ‌တော်ကို အကျဉ်းရုံးသာပြုလုပ်ကြရန် ပုသိမ် ကက်သလစ်ဂိုဏ်း သာသနာ နှိုး‌ဆော်

ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲ‌တော်ကို အကျဉ်းရုံးသာပြုလုပ်ကြရန် ပုသိမ် ကက်သလစ်ဂိုဏ်း သာသနာ နှိုး‌ဆော်

1496

ဒီဇင်ဘာ ၇ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ယခုနှစ် ကျ‌ရောက်သည့် ခရစ္စမတ်နှင့် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ကျင်းပရာကာလအတွင်း အကျဉ်းရုံးပုံစံဖြင့်သာ ပြု လုပ်ကြရန် ပုသိမ် ကက်သလစ်ဂိုဏ်းသာသနာက ဧရာဝတီတိုင်းအတွင်းရှိ ဘာသာဝင်များကို ယမန်‌နေ့ ဒီဇင်ဘာလ ၆ ရက် ‌နေ့စွဲဖြင့် အသိ‌ပေးနိုး‌ဆော်ထားသည်။

အဆိုပါ အသိ‌ပေးနှိုး‌ဆော်ချက်အရ ၂၀၂၁ခုနှစ်၊ ခရစ္စမတ်‌နေ့ပွဲ‌တော်နှင့် ၂၀၂၂ခုနှစ်အတွင်း ကျ‌ရောက်မည့် ကရင်အမျိုး သားနှစ်သစ်ကူးပွဲ‌တော် ဝတ်ပြုကိုးကွယ်ခြင်း အခမ်းအနားများကို သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည့် ကိုဗစ်စည်းမျဉ်း များနှင့်အညီ ပြုလုပ်ရန် ကနဦး တိုက်တွန်းထားသည်။

ထို့‌နောက် ပွဲ‌တော်များကို ပြင်ဆင်ရာနှင့် ကျင်းပရာ ကာလအတွင်း၌လည်း ကယ်ရယ်သီချင်း လိုက်လံသီဆိုခြင်း၊ ခရစ္စ မတ်ဓမ္မ‌တေးများ ကျယ်‌လောင်စွာဖွင့်ခြင်း၊ သာသနာ အ‌ဆောက်အဦးများနှင့် ‌ကျောင်းဝင်းများကို ‌ရောင်စုံမီးလုံးများဖြင့် အလှဆင်ခြင်းနှင့် ‌ပျော်ပွဲရွှင်ပွဲ အသွင်‌ဆောင်‌သော မိတ်ဆုံစားခြင်း၊ ဧည့်ခံ‌ကျွေး‌မွေးခြင်းများကို မပြုလုပ်ကြရန် အသိ ‌ပေးနှိုး‌ဆော်ထားခြင်းဖြစ်သည်။

ထို့အပြင် အဆိုပါ ပွဲ‌တော်များ ပြုလုပ်ရာတွင်လည်း မိမိတစ်ဦးတည်းဖြစ်‌စေ၊ မိသားစုဝင်များဖြင့်ဖြစ်‌စေ ဘုရားဝတ်ပြု ဆု‌တောင်းခြင်း၊ ချိုးခြံဝါ‌ရှောင်ခြင်း၊ အလှူဒါန ‌ပေးကမ်းခြင်းများကိုသာ ပိုမို လုပ်‌ဆောင်ကြရန် ပုသိမ် ကက်သလစ် ဂိုဏ်းသာသနာ‌တော်က ဆက်လက် နိုး‌ဆော် တိုက်တွန်းထားသည်။

အလားတူ ကရင်ပြည်နယ်တွင်လည်း အဆိုပါပွဲ‌တော်များအတွက် ယမန်နှစ်များကဲ့သို့ ‌ပျော်ပွဲရွှင်ပွဲဖြင့် လုပ်‌ဆောင်သွား မည်မဟုတ်ဘဲ ဘုရား‌ကျောင်းဝင်းအတွင်း၌သာ အကျဉ်းရုံးပြုလုပ်သွားမည်ဖြစ်‌ကြောင်းလည်း ဖားအံမြို့၊ ကက်သလစ် ဂိုဏ်းသာသနာ အသိုင်းအဝိုင်းထံမှ သိရသည်။