Home သတင်း ဖားအံမြို့တွင် စစ်‌ဆေး‌မေးမြန်းမှုများ ပိုမိုလုပ်‌ဆောင်လာ၍ ခရီးသွားပြည်သူများအတွက် အ‌နှောင့်အယှက်ဖြစ်

ဖားအံမြို့တွင် စစ်‌ဆေး‌မေးမြန်းမှုများ ပိုမိုလုပ်‌ဆောင်လာ၍ ခရီးသွားပြည်သူများအတွက် အ‌နှောင့်အယှက်ဖြစ်

2056

‌အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့တွင်းနှင့် မြို့အဝင်အထွက်‌နေရာများတွင် ယခုရက်ပိုင်းအတွင်း သွားလာ‌နေကြသည့် ပြည်သူများကို ‌ခေါ်ယူစစ်‌ဆေးမှုများ ယခင်ကထက် ပိုမိုလုပ်‌ဆောင်လာရှိသည့်အတွက် စိတ်အ‌နှောက်အယှက်ဖြစ်ရ သည်ဟု မြို့ခံနှင့် ခရီးသွားပြည်သူများက ‌ပြောသည်။

ဖားအံမြို့ အ‌ရှေ့ဘက်ခြမ်းရှိ မြို့အဝင်လမ်း၊ ‌နောင်လုံ အထက ‌ကျောင်း‌ရှေ့၊ ‌မွေးမြူ‌ရေးဇုံ‌ရှေ့ဂိတ်၊ ကညန ရုံးနားလမ်းမနှင့် သု‌မေဓာရာမ‌ကျောင်း‌ရှေ့များတွင် ဂိတ်ချကာ ကားအတွင်းပိုင်း၊ ဆိုင်ကယ်‌ဘောက်နှင့် ခရီး‌ဆောင်အိတ်များကို စစ်‌ဆေးသည့်အပြင် လက်ကိုင်ဖုန်းဖွင့်ခိုင်းကာ စစ်‌ဆေး‌မေးမြန်းမှုများ လုပ်‌ဆောင်လျက်ရှိသည်ဟု အစစ်‌ဆေးခံရသူတစ်ဦးက ‌ကေအိုင်စီသို့‌ပြောသည်။

“ဒီ‌နေ့ ‌သောကြာ‌နေ့မှာ ပိုပြီးစစ်‌ဆေးတာ‌တွေ့တယ်။ မနက် ၇နာရီက စပြီး အခု‌နေ့လည်အထိ‌တော့ စစ်‌ဆေး ‌နေတုန်းပါပဲ။ ကားအတွင်း စစ်တယ်။ ဖုန်း‌တွေဆို ပိုစစ်တယ်။ ဆိုင်ကယ်ဆိုလည်း ဆင်းတွန်းခိုင်းတယ်။ အရင်ကထက် ပိုစစ်တယ်။ အစစ်အ‌ဆေးများ‌တော့ အပြင်‌တောင် သိပ်မထွက်ချင်ဘူး။ ” ဟု ဖားအံမြို့ခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ စစ်‌ဆေးမှုများ လုပ်‌ဆောင်ရာတွင် ဖားအံမြို့ခံ မဟုတ်ဘဲ အခြားအရပ်‌ဒေသနှင့် နယ်ဘက်မှ လာသူ များဖြစ်ပါက ပိုမိုစစ်‌ဆေး‌မေးမြန်းခံရသည်ဟုလည်း ကိုယ်တိုင် အစစ်‌ဆေးခံရသူများက ‌ပြောသည်။

“ ကျ‌နော်မြို့ထဲဝင်‌တော့ ‌ကော့ကရိတ်က လာတယ်‌ပြောလိုက်လို့ ဆိုင်ကယ်ကို ‌ဘေးချခိုင်းပြီး သီးသန့်စစ်တယ်။ ဖုန်းထဲမှာ ဘာ‌တွေရှိလဲ စစ်‌ဆေးတယ်။ တချို့ဆိုရင်‌ဖေ့ဘွတ်ခ်မက်‌ဆေ့ဂျာ‌တောင်ကြည့်တယ်။ အနီးအနားရွာက လာတဲ့လူထက် အ‌ဝေးကလာတဲ့လူ‌တွေကို သူတို့ပိုစစ်တာ‌တွေ့ရတယ်။”ဟု ဖားအံကို သွား‌ရောက်သည့် ‌ကော့ကရိတ်‌ဒေသခံတစ်ဦးက ‌ပြောသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း ဖားအံမြို့ ရပ်ကွက်‌တော်‌တော်များတွင် ညဘက်ပိုင်း ဝင်‌ရောက်စစ်‌ဆေးမှုများ ယခင်ထက် ပိုမိုလုပ်‌ဆောင်လာသည်ကို ‌တွေ့ရှိရသည်ဟုလည်း မြို့ခံများက ‌ပြောသည်။

အမည်မ‌ဖော်လိုသူ ဖားအံမြို့ခံတစ်ဦးက “ အခု မိုးချုပ်တာနဲ့ အိမ်ပြင်မထွက်ရဲ‌တော့ဘူး။ ညပိုင်းဆိုရင်လည်း အိမ်‌တွေကိုတံခါး လိုက်‌ခေါက်ပြီး ဝင်စစ်‌ဆေးတယ်။ ဧည့်စာရင်းစစ်တာလည်းမဟုတ်ဘူး။ တချို့ဆိုရင်ဘာကို သတင်းရလို့ စစ်တာလဲမသိဘူး။ ရဲ‌မေ‌တွေ ‌တောင်ပါတယ်။ အိမ်ထဲဝင်ပြီး ရှာ‌ဖွေစစ်တယ်။ ပြီး‌တော့ မိသားစုဝင်နာမည်‌တွေ ‌ရေးမှတ်ပြီး ပြန်သွားတယ်။”ဟု ‌ပြောသည်။

လက်ရှိအချိန်တွင် ဖားအံမြို့အဝင်အထွက်‌နေရာများတွင် လုံခြုံ‌ရေးပိုမိုတင်းကြပ်ပြီး မြို့အတွင်းရှိ အချို့‌နေရာများ၌ ပုံမှန်မဟုတ်ဘဲ ‌ရှောင်တခင်စစ်‌ဆေးမှုများမကြာခဏလုပ်‌ဆောင်လျက်ရှိသလို အစိုးရရုံးတည်ရှိရာ ‌နေရာ‌တော်‌တော်များများတွင်လည်း စစ်‌ကောင်စီတပ်သားများက လုံခြုံ‌ရေးကင်းများ ယူထားသည်ကို ‌တွေ့ရှိရသည်ဟု မြို့ခံများက ‌ပြောသည်။