Home သတင်း ဒလန်၏ သတင်း‌ပေးမှုဖြင့် ကရင်လူငယ် ၃ ဦး ရိုက်နှက်ဖမ်းဆီးခံရ၊ ထိုလူငယ်များ၏ သတင်းအစအန မရ‌သေး

ဒလန်၏ သတင်း‌ပေးမှုဖြင့် ကရင်လူငယ် ၃ ဦး ရိုက်နှက်ဖမ်းဆီးခံရ၊ ထိုလူငယ်များ၏ သတင်းအစအန မရ‌သေး

1247

‌အောက်တိုဘာ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ပဲခူးတိုင်း၊ ‌တောင်ငူမြို့နယ်၊ ‌တောင်ငူမြို့‌ပေါ် ရပ်ကွက်‌နေ ကရင်လူငယ် (၃) ဦးသည် စစ်တပ်အား‌ပေး ‌ထောက်ခံသူ(ဒလန်)၏ သတင်း‌ပေးပို့လမ်းပြမှုဖြင့် ယမန်‌နေ့ ‌အောက်တိုဘာလ (၂၁) ‌နေ့ည သန်း‌ခေါင်ယံ အချိန်တွင် စစ်‌ဆေးရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရ‌ကြောင်း ၎င်းတို့ နှင့် နီးစပ်သူများထံမှ သိရသည်။

ယမန်‌နေ့ ည ၁၁ နာရီ ဝန်းကျင်အချိန်ခန့်တွင် ‌တောင်ငူမြို့၊ အမှတ် (၂၀) ရပ်ကွက်၊ နတ်သျှင်‌နောင်လမ်းရှိ ‌နေအိမ် နှစ် အိမ်ကို သတင်း‌ပေး(ဒလန်)၏ ဦး‌ဆောင်လမ်းပြမှုဖြင့် စစ်ကား ၂ စီး၊ ရဲ ကား ၂ စီးဖြင့် လိုက်ပါလာ‌သော စစ် ‌ကောင်စီ တပ်ဖွဲ့ဝင်များမှ ဝင်‌ရောက်ရှာ‌ဖွေမှုပြုလုပ်ခဲ့သည်။

ထိုသို့ ဝင်‌ရောက်ရှာ‌ဖွေမှု ပြုလုပ်ရာတွင် ရှာ‌ဖွေသူကိုမ‌တွေ့ရှိဘဲ ၎င်း‌နေအိမ်အ‌ကျော်ရှိ တခြား ‌နေအိမ်ကို ဆက်လက်ရှာ‌ဖွေကာ ထို‌နေအိမ်တွင် ‌နေထိုင်းသူ ကရင်လူငယ် ညီအစ်ကို (၃)ဦးကို ရိုက်နှက်စစ်‌ဆေး ပြီး ဖမ်းဆီး‌ခေါ်‌ဆောင်သွား‌ကြောင်း ၎င်းရပ်ကွက်‌နေ မျက်မြင်သက်‌သေတစ်ဦးက ယခုလို ‌ပြောသည်။

“ဒလန် သတင်း‌ပေးလို့ဆိုပြီး အိမ်နှစ်အိမ်ကို ဝင်ရှာတာ မီး‌တွေ ထိုးပြီး‌တော့။ ပထမအိမ်မှာ သူတို့ ရှာတဲ့သူ မ‌တွေ့ ‌တော့ ‌ကျောချင်းကပ်အိမ်ကို ခြံစည်းရိုးဖျက်ပြီး‌တော့ ဝင်ရှာတာ။ အဲ့အိမ်မှာ ‌ကောင်‌လေး ၃ ‌ယောက်ပဲ ‌နေတယ်။ အဲ့မှာက မီးမရှိ‌တော့ အိမ်အပြင်ကို ‌ခေါ်ထုတ်ပြီး ပစ္စည်း‌တွေပါ အပြင်ထုတ်ရှာတာ။ အဲ့မှာ ‌သေတ္တာဖျက်ရိုက်တဲ့ အသံ‌ကော၊ အဲ့လူ‌တွေကို ပါးရိုက်သံ‌တွေ‌ကော၊ ထုတဲ့ အသံ‌တွေ‌ကော၊ ရိုက်တဲ့ အသံ‌တွေ‌ကော အကုန်ကြား ရတယ်။ အဲ့ အချိန်က ၁၁ ခွဲ‌လောက်ရှိပြီး။” ဟု သူက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အဖမ်းခံရသည့် လူငယ် ၃ ဦးမှာ သာမာန်အရပ်သားပြည်သူများသာ ဖြစ်ပြီး ၎င်းရပ်ကွက်တွင် ငယ်ရွယ် စဉ်ကတည်းက ‌နေထိုင်လာခဲ့ကြသူများဖြစ်ကာ ယမန်‌နေ့ည ‌နေအိမ်အတွင်း ဝင်‌ရောက် ရှာ‌ဖွေရာ၌ ‌ပြောက်ကျား အဝတ်အထည်များကို ‌တွေ့မိ‌သော‌ကြောင့် ရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်‌ကြောင်း ရပ်ကွက်‌နေ ပြည်သူများက ဆိုသည်။

“‌နောက်‌နေ့မနက်မှ သိရတာက သူတို့ကို ဝင်စစ်‌တော့ ‌ပြောက်ကျား အဝတ်အစားကို‌တွေ့လို့ဆိုပြီး ဖမ်းသွား တာတဲ့။ အဲ့အဝတ်အစား‌တွေက ‌ဈေးထဲမှာ ဟိုးအရင်ကတည်းက ဝယ်လို့ရ‌နေတာပဲ။ ‌ကောင်‌လေး ‌တွေက ရိုးရိုး‌အေး‌အေး‌လေး‌တွေပဲ။ သူတို့ အလုပ်ပဲ သူတို့လုပ်‌နေတာ။ အဲ့ညက ချက်ချင်း ဖမ်းမသွားဘူး။ ၁၂နာရီ‌လောက် ‌ရောက်‌တော့မှာ လာဖမ်းသွားတာ။ အဲ့ညက သတင်း‌ပေးတဲ့ ဒလန်လည်းပါလာတယ်တဲ့။ အဲ့ဒလန်နာမည်က ဦးစိုင်းတဲ့” ဟု ရပ်ကွက်‌နေ ပြည်သူတစ်ဦးက ‌ပြောသည်။

၎င်း အဖမ်းခံရသူ ကရင်လူငယ် ၃ဦးမှာ ‌စောဖာ‌အော၊ ‌စောအဒန့် နှင့် ‌စောအ‌လေးဆိုသည့် အသက် ၃၈ နှစ် နှင့် ၃ဝ ဝန်းကျင် လူငယ်များဖြစ်ကြပြီး လာ‌ရောက်ဖမ်းဆီး‌ခေါ်‌ဆောင်သွားသည့် တပ်ရင်းတပ်ဖွဲ့ အမည်ကို မသိရှိရဘဲ မည်သည့်‌နေရာသို့ ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့သည်ကိုလည်း ရပ်ကွက်‌နေ ပြည်သူများက မသိရှိကြ‌ကြောင်း ၎င်း‌ဒေသခံများက ‌ပြောသည်။

အဆိုပါ လာ‌ရောက်ဖမ်းဆီး‌ခေါ်‌ဆောင်သွားချိန်တွင် ‌နေအိမ်အတွင်း ‌တွေ့ရှိသည့် ‌ငွေကျပ် ၂၅ သိန်းကိုပါ သိမ်းယူ သွားခဲ့‌ကြောင်းနှင့် ၎င်း ညီအစ်ကို ၃ ဦးတွင် တစ်ဦးမှာ ဘဏ္ဍာ‌ရေးဝန်ကြီးဌာနရုံးမှ ရုံးဝန်ထမ်းဖြစ်ပြီး ၎င်းသိမ်းယူ သွားသည့် ‌ငွေများမှာလည်း ရုံး၏ ‌ငွေ‌ကြေးများသာဖြစ်‌ကြောင်းလည်း ရပ်ကွက်‌နေပြည်သူများ၏ ‌ပြောဆိုမှုကို ကိုးကား၍ ထိုမျက်မြင်သက်‌သေတစ်ဦးက ဆက်‌ပြောပြသည်။

ဖမ်းဆီးခံရသူ လူငယ် ၃ ဦးတွင် ၎င်းတို့၏ မိခင် ကွယ်လွန်သွားသည်မှာ မကြာ‌သေး‌ကြောင်း နှင့် ၎င်းတို့တွင် ‌လေဖြတ်ထားသည့် ဦး‌လေး သို့မဟုတ် ဖခင်ဟုယူဆရသူ တစ်ဦးရှိ‌ကြောင်း သိရပြီး ၎င်းနတ်သျှင်‌နောင်ရပ် ကွက်တွင်လည်း ကရင်လူမျိုးအများစု ‌နေထိုင်ကြ‌ကြောင်းလည်း သိရသည်။ အဆိုပါ ရပ်ကွက်တွင် ယခုလို ဝင်‌ရောက် ဖမ်းဆီးမှုဖြစ်စဉ်မှာ ပထမဦးဆုံးအကြိမ်ဖြစ်‌ကြောင်းလည်း သိရသည်။