စက်တင်ဘာ ၈ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်လိုက်သည့် အရေးပေါ် ကြေငြာချက်နှင့်ပတ်သက်ပြီး ပြန်လည်ရုပ်သိမ်းပေးရန် ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းက ထိုနေ့တွင်ပင် မေတ္တာရပ်ခံစာပေးပို့ခဲ့သည်။
NUG ကြေငြာချက်သည် စစ်ကြေငြာလိုက်သည့် အသွင်ဆောင်ခြင်းဖြစ်သောကြောင့် လွန်စွာထိတ်လန့်စိုးရွံ့မိ ကြောင်းနှင့် ပြည်သူများကို စစ်ပွဲဒုက္ခများနှင့် ထပ်မံမကြုံတွေ့စေလိုခြင်းကြောင့် ယခုလို စာပေးပို့ လိုက်ရခြင်းဖြစ် သည်ဟု ပဒိုစောရွှေမောင်းက ယခုလိုပြောသည်။
၎င်းက “အခု သူတို့(NUG)လုပ်နေတာက အရင်ကျနော်တို့ ကြုံတွေ့ခဲ့ရသလို ပုံစံမျိုးထပ်မကြုံတွေ့စေချင်တော့ ဘူး။ အကောင်းဆုံးက နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းမှာ ဖြေရှင်းကြတာက အကောင်းဆုံးပဲလို့ မြင်တဲ့အတွက် ကျနော့်သဘောထားကို ကျနော်ထုတ်ပြန်လိုက်တာပဲ။ ကျနော်တို့ KNU ကလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ သဘောထားရှိထားသလိုပဲ အဲ့အတိုင်းဆက်သွားဖို့ သဘောထားရှိတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။
၎င်း၏ မေတ္တာရပ်ခံစာတွင် စစ်ကြောင့် ပြည်သူများအနေဖြင့် စားဝတ်နေရေး ဆင်းရဲကြရ၍ ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရပြီးဖြစ်ပြီး အလားတူ ထပ်မံမကြုံတွေ့စေလိုကြောင်းနှင့် လက်ရှိ အမိန့်ကြေငြာချက်ကို မရုပ်သိမ်း နိုင်ခဲ့လျှင် တိုင်းပြည်သည် စစ်တလင်းအဖြစ်သို့ ပို့ဆောင်ပေးသည့် သဘောဆောင်နေသည်ဟု ဖော်ပြထားသည်။
ဆက်လက်ပြီး ၎င်းအနေဖြင့် ပြည်သူလူထုကို ကိုယ်စားပြု၍ လက်ရှိ အရေးပေါ်အခြေအနေကို ရုပ်သိမ်းရန်၊ ၎င်းတို့ ဒေသကို အခြေပြု၍ စစ်ရေးဆောင်ရွက်မှု မပြုရန်၊ ၎င်း၏ KNU နိုင်ငံရေး ရပ်တည်ချက်နှင့်အညီ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းအတိုင်း ငြိမ်းချမ်းစွာ ဖြေရှင်းရန် ဟူ၍မေတ္တာရပ်ခံထားသည်။
ယမန်နေ့က စက်တင်ဘာ ၇ ရက်မှစပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူလူထု၏ တော်လှန်ရေး စတင်ပြီး ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက အာဏာသိမ်း စစ်ကောင်စီ အပေါ် စစ်ကြေညာလိုက်ပြီး စစ်အုပ်ချူပ်ရေးကို တနိုင်ငံလုံးလှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန် တိုက်ဖျက်ကြရန်ဟူ၍ NUG သမ္မတက ပန်ကြားခဲ့ခြင်းဖြစ်သည်။
အလားတူ ဒေသအသီးသီးမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များအနေဖြင့်လည်း နည်းလမ်း ပေါင်းစုံဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအပါအဝင် စစ်ကောင်စီ အားပေးထောက်ခံသူ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ကို အကျိုးပြုနေသော စီးပွားရေးလုပ်ငန်းဖြစ်သည့် ဖုန်းတာဝါတိုင်များကို ဖျက်ဆီး တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြပြီး တိုင်းရင်းသား လက်နက်ကိုင်ဒေသအချို့တွင်လည်း တိုက်ပွဲများ ပိုမို ပြင်းထန်လာသည်။
လက်ရှိ NUG ၏ အရေးပေါ် ကြေညာချက်အပေါ် အနောက်နိုင်ငံအုပ်စုမှလည်း မလိုလားသည့် ဟန်ပြောဆို မှတ်ချက်ပေးမှုများရှိနေပြီး နိုင်ငံရေးနည်းလမ်းအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် တိုက်တွန်း ပြောဆိုမှုများရှိသည်။
လက်ရှိ စစ်အာဏာသိမ်းမှုအပေါ် နိုင်ငံရေး နည်းလမ်းအရ ဆွေးနွေးဖြေရှင်းနိုင်ခြင်း ရှိမရှိနှင့် ပတ်သက်၍လည်း KNU ဒူးပလာယာခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်းက ယခုလိုပြောသည်။
“ဒီ နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းမှုကို ရှောင်လွဲလို့ရမှာ မဟုတ်ဘူး။ အချင်းချင်းသတ်ဖြတ်တာ ကုန်အောင်လုပ် တာက လွယ်တဲ့အလုပ်မဟုတ်ဘူး။ အလုပ်လည်း ဖြစ်မှာမဟုတ်ဘူး။ ကျနော်ထင်တာက အားလုံးလည်း ဒါကို နား လည်မယ်ထင်တယ်။ စစ်အာဏာရှင်လည်း ဒါကို နားလည်မှာပဲ။ ခုဏက ပြောတဲ့နည်းလမ်းအတိုင်း တစ်နေ့ နေ့တော့ သွားကို သွားရမှာပဲ။” ဟု သူက ဆက်လက်ပြောဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့တွင်လည်း စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် (BGF)မှ ဒူးပလာယာခရိုင် နယ်မြေအတွင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF)နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) အဖွဲ့ဝင်များ ရှိ၊ မရှိဝင်ရောက် စစ်ဆေးမည်ဖြစ်သောကြောင့် အဆိုပါ အဖွဲ့များကို လက်ခံမထားရန် ပဒိုရွှေမောင်းက ၎င်း၏ သက်ဆိုင်ရာ တပ်မဟာနှင့် မြို့နယ်ခေါင်းဆောင်များကို ညွှန်ကြားမှုမျိုးလည်း ပြုလုပ်ခဲ့သေးသည်။
ဒူးပလာယာခရိုင် ဥက္ကဌ ပဒို စောရွှေမောင်းသည် KNU နှင့် ယခင် အစိုးရများအကြား ငြိမ်းချမ်းရေး ဆွေးနွေး မှုများတွင်လည်း ပါဝင်လာခဲ့သူဖြစ်ပြီး အပစ်ရပ်လက်မှတ်ရေးထိုးသည့်နောက်ပိုင်း စစ်တပ်ထိပ်ပိုင်းခေါင်း ဆောင် အချို့နှင့် ဆက်ဆံရေး နီးစပ်သူတစ်ဦးအဖြစ်လည်း ကရင်အသိုင်းအဝိုင်းတွင် ရှုမြင်ခြင်းခံရသူ ဖြစ်သည်။
NUG အစိုးရ၏ အရေးပေါ် ကြေငြာချက်ကြောင့် မြန်မာ့နွေဦးတော်လှန်ရေး ရေချိန်ပြန်လည် မြှင့်တက်နေချိန် ယခုလို သဘောထား ထုတ်ပြန်ချက်အပေါ်တွင်လည်း ပဒို စောရွှေမောင်းအပေါ် ဝေဖန်မှုများ မြှင့်တက်နေသည်။
အလားတူ ပြီးခဲ့သည် မေလ ၁ဝ ရက်နေ့က ထုတ်ပြန်ခဲ့သည့် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ ပုဂ္ဂိုလ်ရေး သဘောထားဖြစ်သည့် လတ်တလော နိုင်ငံရေး ပြဿနာကို အပစ်ရပ်စာချုပ်(NCA) မူအတိုင်း ကျင့်သုံးပြီး ငြိမ်းချမ်းစွာဖြေရှင်းရန် သဘောထားတိုက်တွန်းချက်အပေါ် ထောက်ခံသည့်သဘောထား ထုတ်ပြန် ချက်ကို ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းက မေလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သေးသည်။