Home သတင်း စစ်‌ကောင်စီတပ်နှင့် BGF ပူး‌ပေါင်းတပ်က နှစ်ရက်အတွင်း အပြီး‌ရှောင်ရန် သတိ‌ပေး၍ ‌ကျေးရွာသားများ ‌ရှောင်တိမ်း‌နေ

စစ်‌ကောင်စီတပ်နှင့် BGF ပူး‌ပေါင်းတပ်က နှစ်ရက်အတွင်း အပြီး‌ရှောင်ရန် သတိ‌ပေး၍ ‌ကျေးရွာသားများ ‌ရှောင်တိမ်း‌နေ

5134

ဩဂုတ် ၁၇ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ မူ‌တြော်ခရိုင်(ဖာပွန်)/တပ်မဟာ(၅)နယ်‌မြေ၊ ဒွယ်လိုးမြို့နယ် မာ‌ထော‌ကျေးရွာအုပ် စုအတွင်းရှိ ‌ကျေးရွာသားများအား နှစ်ရက်အတွင်း အပြီး‌ရှောင်‌ပေးရန် စစ်‌ကောင်စီနှင့် BGF ပူး‌ပေါင်းတပ်ဖွဲ့များက ဩဂုတ်လ ၁၅ရက်‌နေ့တွင် သတိ‌ပေး‌ပြောဆိုလာသည့်အတွက် လက်ရှိတွင် ‌ဒေသခံရွာသားများမှာ နီးစပ်ရာ‌ကျေးရွာ များသို့ ‌ရှောင်တိမ်း‌နေကြရသည်ဟု သိရသည်။

ထိုသတိ‌ပေးချက်‌ကြောင့် ‌ဒေသခံလူထုများသည် ထွက်‌ပြေးတိမ်း‌ရှောင်ရန်အတွက် သယ်‌ဆောင်၍မရသည့် ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်နှင့် နွား စသည့်အိမ်‌မွေးတိရိစာ္ဆန်များကို ရသည့်‌ဈေးနှုန်းဖြင့် ‌ရောင်းချ‌နေကြ‌သော်လည်း ဝယ်ယူသူများ မရှိသည့်အတွက် အချို့မှာ ‌ဆွေမျိုးသားချင်းများအား အိမ်‌မွေးတိရိစာ္ဆန်များ လာယူရန် အ‌ကြောင်းကြားမှုများရှိသည်ဟု အနီးနားရွာရှိ ‌ဒေသခံအမျိုးသမီးတစ်ဦးက ‌ပြောသည်။

သူမက “အဲဒီရွာမှာရှိတဲ့ ‌ဆွေမျိုး‌တွေက မ‌နေ့က ဖုန်းဆက်လာတယ်။ ရွာမှာ ‌မွေးထားတဲ့ဆိတ်‌တွေ သွားယူစားဖို့၊ သူတို့ က ‌ပြေးရ‌တော့မယ်ဆို‌တော့ သူများအချိန် ၂ရက်‌ပေးထားတယ်လို့ ‌ပြောတယ်။ သူတို့ကိုယ်တိုင်ကလည်း ဒီလိုပစ်ထားရ မယ့်အစား ‌မွေးထားတဲ့ ကြက်၊ ဘဲ‌တွေကို စားနိုင်သ‌လောက် ချက်စားလိုက်တာလည်းရှိတယ်။ တချို့က ဆိတ်‌တွေ အများကြီး ‌မွေးထားတာရှိတယ်။ သွားယူဖို့က အဲဒီရွာ‌တွေမှာလည်း အခုသွားလာလို့ အဆင်မ‌ပြေဘူး‌လေ။”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

ယခုရက်ပိုင်းတွင် အဆိုပါ‌ကျေးရွာအစုအတွင်းရှိ အနီးအနားတွင် နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ ‌တော်(KNLA) တပ်ဖွဲ့ဝင်များနှင့် စစ်‌ကောင်စီ၊ BGF ပူး‌ပေါင်းတပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုများရှိပြီး နယ်‌မြေခံ KNLA ဘက်မှ ထပ်မံပစ်ခတ်မှုများ ဆက်လက်လုပ်‌ဆောင်‌နေပါက လူထုပါမကျန် ပြန်လည်တုန့်ပြန်ပစ်ခတ်မည်ဟု စစ်‌ကောင်စီတပ်ဘက်က ခြိမ်း‌ခြောက်‌ပြောဆိုသည့်အတွက် ‌ဒေသခံများမှာ စိုးရိမ်‌ကြောက်လန့်‌နေကြရသည်ဟုလည်း အမည်မ‌ဖော်လိုသူ အခြား‌ဒေသခံရွာသားတစ်ဦးက ‌ပြောသည်။

“သူတို့သတိ‌ပေးတာက ဒီမာ‌ထောရွာတို့ အနီးအနားတစ်ဝိုက်ရွာမှာ သတိ‌ပေးတာ။ KNLAက ပြန်ပစ်တာရှိ‌တော့ သူတို့ ‌ပြောတယ်။ ထပ်ဖြစ်မယ်ဆိုရင် ဘယ်သူဘယ်ဝါ မသိဘူး။ အကုန်ပစ်မယ်လို့ ‌ပြောတယ်။ အဲလို‌ပြောတာရှိ‌တော့ လူထု ‌တွေလည်း ‌ကြောက်တာ‌ပေါ့။ တချို့က ရွာမှာဆက်‌နေမရဲ‌တော့ဘူး၊ တစ်ခြားရွာ‌တွေမှာ ‌ရှောင်သွားပြီး”ဟု ၎င်း‌ဒေသခံ က ‌ပြောသည်။

ဩဂုတ်လ (၁၁)ရက်‌နေ့တွင် ဒွယ်လိုးမြို့နယ် မာ‌ထော‌ကျေးရွာအုပ်စု ထွီ့သီးအုနှင့် မာ‌ထောရွာကြားတွင် နယ်‌မြေခံ KNLA တပ်ဖွဲ့ဝင်နှင့် စစ်‌ကောင်စီတပ်ဖွဲ့အကြား ပစ်ခတ်မှုရှိသည့်အပြင် စစ်‌ကောင်စီတပ် စကခ(၈)၊ ခမရ(၄၀၇)တပ်ဖွဲ့ က သွာ့ခို့‌ကျေးရွာအနီးသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟုလည်း KNU မူ‌တြော်ခရိုင်ဘက်က ဩဂုတ် လ ၁၄ရက်‌နေ့တွင် ထုတ်ပြန်ထားသည်။

ဩဂုတ်လ (၁)ရက်‌နေ့မှစ၍ KNU မူ‌တြော်ခရိုင်၊ တပ်မဟာ(၅)နယ်‌မြေတွင် စစ်‌ကောင်စီနှင့် BGF ပူး‌ပေါင်းတပ်များက စစ်‌ရေးလှုပ်ရှားမှုများ နည်းဗျူဟာကျကျ လုပ်‌ဆောင်လာသလို BGF တပ်ဖွဲ့ကလည်း ယခုလတွင် တပ်အင်အား ထပ်မံ တိုးချဲ့လာမှုများ လုပ်‌ဆောင်လာသည့်အတွက် နယ်‌မြေခံ KNLA တပ်ဖွဲ့ဝင်များနှင့် ‌နေ့စဉ်လိုလို ပစ်ခတ်မှုဖြစ်ပွားလျှက် ရှိသည်ဟု KNU မူ‌တြော်ခရိုင်တာဝန်ရှိသူများထံမှ သိရသည်။