Home သတင်း KNU တပ်မဟာ(၅)တွင် ၁၅ ရက်အတွင်း တိုက်ပွဲ‌ပေါင်း ၅၆ ကြိမ်ဖြစ်ပွားပြီး စစ်‌ကောင်စီဘက်မှ တပ်ရင်းမှူး တစ်ဦးအပါအဝင် ၃၄ ဦးကျဆုံး

KNU တပ်မဟာ(၅)တွင် ၁၅ ရက်အတွင်း တိုက်ပွဲ‌ပေါင်း ၅၆ ကြိမ်ဖြစ်ပွားပြီး စစ်‌ကောင်စီဘက်မှ တပ်ရင်းမှူး တစ်ဦးအပါအဝင် ၃၄ ဦးကျဆုံး

3675
Photo: KNU

ဩဂုတ် ၁၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅)နယ်‌မြေ (မူ‌တြော်ခရိုင်)တွင် ဩဂုတ်လ ၁ ရက်မှ ၁၅ ရက်‌နေ့အထိ စစ်‌ကောင်စီတပ်နှင့် နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA တပ်ဖွဲ့ဝင် များကြား တိုက်ပွဲ‌ပေါင်း ၅၆ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်‌ကောင်စီဘက်မှ တပ်ရင်းမှူးတစ်ဦးအပါအဝင် ၃၄ ဦးကျဆုံးခဲ့ သည်ဟု KNU တပ်မဟာ (၅) က ဩဂုတ်လ ၁၇ရက်‌နေ့တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်‌ကောင်စီတပ်ဘက်မှ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KNLA တပ်မဟာ(၅) ဘက်မှ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ‌ဖော်ပြပါရှိသည်။

ယင်းပစ်ခတ်မှုအတွင်း စစ်‌ကောင်စီတပ်ဘက်မှ လက်နက်ကြီး ၈၈ လုံးနှင့် လက်နက်ငယ်‌ပေါင်း ၁၅၀ဝ လုံး ပစ်ခတ်ခဲ့ပြီး ‌ဒေသခံလူထု‌နေထိုင်သည့်‌ကျေးရွာနှင့် လုပ်ကိုင်စား‌သောက်သည့် ဥယျာဉ်ခြံ‌နေရာများသို့ လက်နက် ကြီးများ ကျ‌ရောက်‌ပေါက်ကွဲသည့်အတွက် ‌ဒေသခံ ၁ ဦး‌သေဆုံးကာ ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ‌ကေအဲန်ယူ တပ်မဟာ (၅) ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် တပ်မဟာ(၅) နယ်‌မြေအတွင်း စစ်‌ကောင်စီတပ်နှင့် BGF ပူး‌ပေါင်းတပ်ဖွဲ့ဝင်များသည် စစ်‌ရေး လှုပ်ရှားမှု ပိုမိုလုပ်‌ဆောင်လာသည့်အပြင် တပ်အင်အား၊ လက်နက်အင်အားနှင့် စားနပ်ရိက္ခာများကိုလည်း ထပ်မံဖြည့်တင်းလာသည့်အတွက် နယ်‌မြေခံ KNLA တပ်ဖွဲ့ဝင်များနှင့် ‌နေ့စဉ်လိုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု KNU တပ်မဟာ ၅ ‌ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး ‌စောကလယ်ဒို့က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ယမန်‌နေ့ ဩဂုတ်လ ၁၇ ရက်‌နေ့တွင်လည်း စစ်‌ကောင်စီ၏ ဂျက်‌လေယာဉ်တစ်စင်း KNU တပ်မဟာ(၅) ၏ ဌာနချုပ်ရှိရာ အနီးအနား ပတ်ဝန်းကျင်တွင် လာ‌ရောက်ပျံဝဲခဲ့‌သေးသည်ဟု KNU ဘက်က ‌ပြောသည်။

KNU တပ်မဟာ(၅)၏ လစဉ်ထုတ်ပြန်ချက်အရ ယခင်လ ဇူလိုင်လတွင် ၎င်းတို့နယ်‌မြေအတွင်း တိုက်ပွဲ‌ပေါင်း ၁၃၃ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်‌ကောင်စီတပ်ဘက်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်တစ်ဦးအပါအဝင် ၆၅ ဦးကျဆုံး၊ ၁၀၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး KNLA တပ်မဟာ(၅)ဘက်မှ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

လတ်တ‌လောတွင် KNU တပ်မဟာ(၅)နယ်‌မြေအတွင်း စစ်‌ကောင်စီဘက်မှ စစ်အင်အား ပိုမိုတိုးချဲ့လာမှုနှင့် စစ်‌ရေးလှုပ်ရှားမှုများ ပိုမိုလုပ်‌ဆောင်လာသကဲ့သို့ တပ်မဟာ (၁) နှင့် တပ်မဟာ(၂) ဘက်တွင်လည်း အလားတူ တပ်အင်အားတိုးချဲ့မှုနှင့် စစ်‌ရေးလှုပ်ရှားမှုများ လုပ်‌ဆောင်လာသည့်အတွက် ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိ သည်ဟု သိရှိရသည်။