ဩဂုတ် ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့ အနောက်တောင်ဘက် ၉ မိုင်ခန့်အကွာ ကွင်းကလေးရွာဘက်တွင် ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်မဟာ (၆) နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ KNLA ထိမ်းချုပ်နယ်မြေကို ကျော်လွန်ဝင်ရောက်လာသည့်အတွက် ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KNLA ဘက်က ကေအိုင်စီသို့ ပြောသည်။
“ဒီကနေ့ မွန်းလွဲ ၂ နာရီခန့်မှာ ကွင်းကလေးရွာကျေးရွာအုပ်စု ထီးမူးထာ့ရွာအကျော် ကွင်းတစ်နေရာတွင် နာရီဝက်ခန့် ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။”ဟု KNLA တပ်မဟာ ၆ မှ စစ်သည်တစ်ဦးက ပြောသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ ၃ ဦးခန့် ကျဆုံးခဲ့သည်ဟု ခန့်မှန်းထားသော်လည်း အဆိုပါ ကျဆုံးသတင်းနှင့်ပတ်သက်၍ သီးသန့်အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း အဆိုပါ စစ်သည်က ဆက်ပြောသည်။
ထိုသို့ တိုက်ပွဲဖြစ်ခဲ့၍ အနီးဝန်းကျင်ကျေးရွာရှိ ရွာသားများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပြီး စစ်ကောင် တပ်နှင့် KNLA တပ်ဖွဲ့တို့မှာ လက်ရှိအချိန်တွင် ပစ်ခတ်မှုမရှိတော့သော်လည်း နှစ်ဖက်တင်းမာနေဆဲ အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။



















