Home သတင်း စားဝတ်‌နေ‌ရေးခက်ခဲလာသည့် လူထုများကို KNU ဝင်း‌ရေးမြို့နယ်မှ ဆန်ရိက္ခာ‌ထောက်ပံ့‌ပေး

စားဝတ်‌နေ‌ရေးခက်ခဲလာသည့် လူထုများကို KNU ဝင်း‌ရေးမြို့နယ်မှ ဆန်ရိက္ခာ‌ထောက်ပံ့‌ပေး

1441

ဩဂုတ် ၈ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ‌ရေကြီးနစ်မြှုပ်မှုနှင့် ‌ရောဂါကပ်‌ဘေးများ‌ကြောင့် စားဝတ်‌နေ‌ရေးခက်ခဲလာသည့် လူထုများကို KNU-ကရင် အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ် တာဝန်ရှိသူများက ဩဂုတ်လ ၇ ရက်‌နေ့တွင် ဆန်နှင့် အ‌ခြေခံစား‌သောက်ကုန်များ ‌ထောက်ပံ့‌ပေးလျက်ရှိသည်ဟု တာဝန်ရှိသူများထံမှ သိရသည်။

‌ရေ‌ဘေး၊ ‌ရောဂါ‌ဘေးနှင့် နိုင်ငံ‌ရေးမတည်ငြိမ်မှု‌တွေ‌ကြောင့် ပြည်သူများ အလုပ်အကိုင်နှင့် စားဝတ်‌နေ‌ရေး ခက်ခဲလာပြီး ‌ဒေသအတွင်းတွင်လည်း လတ်တ‌လော‌ရေကြီးမှု‌ကြောင့် လယ်ယာများ စိုက်ပျိုး၍မရ‌သေးအတွက် စားဝတ်‌နေ‌ရေးခက်ခဲကြသူများ အဆင်‌ပြေ‌စေရန် ရည်ရွယ်‌ထောက်ပံ့‌ပေးခြင်းဖြစ်သည်ဟု KNU ဝင်း‌ရေး မြို့နယ်တာဝန်ရှိသူက ‌ကေအိုင်စီ သို့ ယခုလို‌ပြောသည်။

“ လူထု‌တွေ စားဝတ်‌နေ‌ရေး ခက်ခဲတဲ့အချိန်မှာ ကျ‌နော်တို့ KNU အ‌နေနဲ့ တတ်နိုင်သ‌လောက် ဆန်‌တွေ အ‌ခြေခံစား‌သောက်ကုန်‌တွေ ‌ထောက်ပံ့‌ပေးတာ‌ပေါ့‌နော်။ အခက်အခဲဖြစ်‌နေတဲ့ လူထု‌တွေအားလုံးကို ကူညီ‌စေချင်တယ်။ ‌ရေ‌ဘေး ‌ရောဂါ‌ဘေးနဲ့ နိုင်ငံ‌ရေးမတည်ငြိမ်မှုဖြစ်တဲ့အခါမှာ သူတို့‌တွေ ခက်ခဲ‌နေကြ တယ်ဆိုတာ သိပါတယ်။ ဆက်ပြီးကူညီနိုင်ဖို့ ‌ဆောင်ရွက်သွားမယ်” ဟု KNU ဝင်း‌ရေးမြို့နယ် အုပ်ချုပ်‌ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ‌စော‌ကျော်ဟိန်းက ဩဂုတ် ၇ ရက်‌နေ့ ‌ကေအိုင်စီ သို့‌ပြောသည်။

ဝင်းမြို့နယ်အ‌နေဖြင့် မြိုင်သာယာ‌ကျေးရွာတွင် ဆန်နှင့်အ‌ခြေခံစား‌သောက်ကုန်များ ကား ၂ စီးစာ သွား‌ရောက်‌ထောက်ပံ့ကြပြီး ပြည်ပ‌ရောက် မြို့နယ် KYO လူငယ်အဖွဲ့အ‌နေဖြင့်လည်း ကျပ်သိန်း ၃ဝဝ နီးပါးရှိ အ‌ခြေခံစား‌သောက်ကုန်များကို စစ်‌ဘေး‌ရှောင်‌နေရသည့်‌နေရာများနှင့် အ‌ခြေခံလူထုများထံတွင် ‌ထောက်ပံ့ကူညီခဲ့သည်ဟု KNU ဝင်း‌ရေးမြို့နယ် တာဝန်ရှိသူများထံမှ သိရသည်။

မြိုင်သာယာ‌ကျေးရွာ‌နေ ‌စောအဲမီက “ကျ‌နော်တို့မှာ တစ်‌နေ့လုပ် တစ်‌နေ့စားသူ‌တွေများတယ်။ ‌ရောဂါကာလမှာ အလုပ်‌တွေလည်း မငှားကြ‌တော့ စားဝတ်‌နေ‌ရေး‌တွေလည်း ခက်ခဲတယ်။ ‌တောင်ယာ လယ်လုပ်‌တော့လည်း ‌ရေကကြီး‌နေ‌တော့ ခုထိစိုက်ပျိုးလို့ မရ‌သေးဘူး‌ပေါ့‌နော်။ ခုလို KNU က ဆန်လာလှူ‌ပေး‌တော့ ‌ကျေးဇူးအများကြီးတင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ‌ရေကြီးနစ်မြှုပ်မှု‌ကြောင့် လယ်စိုက်ဧကများ ထိခိုက်ပျက်စီးကြပြီး ‌ရောဂါ‌ဘေး‌ကြောင့် အလုပ်အကိုင်နှင့် သွားလာမှုကန့်သတ်ထားသည့်အတွက် အ‌ခြေခံလူထုအများစု မှာ စားဝတ်‌နေ‌ရေး ခက်ခဲလာကြသည်ဟု ‌ကျေးရွာတာဝန်ရှိများထံမှ သိရသည်။