ဇူလိုင် ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ညောင်လေးပင်ခရိုင် မုန်းမြို့နယ်တွင် စစ်ကောင်စီအဖွဲ့က ဖမ်းဆီးထားသည့် အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင်ကို ပြန်လွှတ်ပေးရန် ဇူလိုင် ၂၈ ရက် နေ့စွဲဖြင့် ညောင်လေးပင်ခရိုင် ဒေသခံ ကရင်အရပ်ဖက် လူမှုရေးရာအဖွဲ့အစည်းက ကြေညာချက်ထုတ်ကာ တောင်းဆိုလိုက်သည်။
ဒေသခံ ကရင်လူမှုရေးရာအဖွဲ့အစည်း အဖွဲ့ဝင်ဖြစ်သူ စောအောင်ဆန်းလင်း(ခ) လင်းလင်းကို ဖောက်ခွဲရေး သင်တန်းတက်သည့် လူငယ်များကို ကူညီပေးသည်ဟု စွပ်စွဲ၍ သူနေထိုင်ရာ မုန်းမြို့နယ် ရေလဲကရင်ရွာတွင် စစ်ကောင်စီအဖွဲ့ဝင်များနှင့် အနီးအနားရှိ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများက ဇူလိုင် ၁၂ ရက်နေ့တွင် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ ကရင်အရပ်ဖက် လူမှုရေးရာအဖွဲ့အစည်းက ပြောသည်။
အဆိုပါ စွပ်စွဲ ဖမ်းဆီးထားသည့် အကြောင်းပြချက်မှာ မှန်ကန်သည့် အကြောင်းပြချက်မဟုတ်သလို ဖမ်းဆီး ထား သူကို ပြန်လည်လွှတ်ပေးမည်ဟု ပြောဆိုထားသော်လည်း ယခုအချိန်ထိ လွှတ်ပေးခြင်းမရှိသည့်အတွက် ယခုလို ကြေညာချက်ထုတ်ပြီးတောင်းဆိုရခြင်းဖြစ်သည်ဟု ညောင်လေးပင်ခရိုင် ဒေသခံ လူမှုရေးအဖွဲ့အစည်းမှ ပြောရေး ဆိုခွင့်ရှိသူ စောစီပထရဲက ကေအိုင်စီသို့ပြောသည်။
၎င်းက“ သူတို့ဖမ်းတာက အဲဒီအကြောင်းပြချက်နဲ့ဖမ်းတာပေါ့။ အဲဒါက ဘာမှမဆိုင်ဘူးလေ။ အဲဒီလူက အေးဆေး နေတတ်သူ၊ မလုပ်ဘူးဆိုတာလည်း ငါတို့သိတယ်။ သူတို့ဖမ်းတာက အဓိက သူတို့သိချင်တာ ငါတို့ အဖွဲ့အစည်းရဲ့ ရှေးဆက် ဘာလုပ်ဆောင်တာရှိလဲ သိချင်လို့ ဖမ်းတာလည်းပါတယ်လို့ ကျနော်ထင်တယ်။ သူတို့ စွပ်စွဲတဲ့ ဖောက်ခွဲရေးဟာတွေက ဘာမှမဆိုင်ဘူး။ ”ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၄ရက်နေ့တွင်လည်း မုန်းမြို့နယ်ရှိ လူမှုရေးရာအဖွဲ့ဝင် နော်အေးကြန်ဆိုသူကိုလည်း စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့မှ အလားတူဖမ်းဆီးချုပ်နှောင်မှုလုပ်ဆောင်ခဲ့ပြီး အပြစ်မရှိသည့်အတွက် ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဒေသခံ လူမှုရေးရာအဖွဲ့ထံမှ သိရသည်။
ဒေသအကျိုး၊ လူထုရေးရာ ကိစ္စရပ်များကို ထမ်းဆောင်နေသူကို ယခုလို မတရားချုပ်နှောင်ခြင်းသည် ပြင်းအ ထန်ရှုတ်ချုပ်သည့်အပြင် အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆိုပြီး ယခုကဲ့သို့ ဖမ်းဆီးချုပ်နှောင်ခြင်းများ ထပ်မံလုပ်ဆောင်ပါက ဒေသခံလူထုများ ဦးဆောင်နေသည့် အဖွဲ့အစည်းများအနေဖြင့် လူထုနှင့် လက်တွဲကာ ပြင်းထန်သော တုန့်ပြန်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ညောင်လေးပင်ခရိုင် ဒေသခံ ကရင်အရပ်ဖက် လူမှုရေးရာအဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ သဘောတူညီထားသည့် ကတိကဝတ်များကို ပြည်သူလူထု ကိုယ်စားပြုအနေဖြင့် ငြိမ်းချမ်းရေးနှင့် လူမှုရေးဆိုင်ရာကိစ္စများကို လုပ်ဆောင်ရန် ၂၀၁၉ ခုနှစ်တွင် ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု သိရှိရ သည်။



















