Home သတင်း ဖာပွန်‌ဒေသရှိ ရွာသားများ၏ ‌နေအိမ် ၅ လုံးထက်မနည်း စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီး

ဖာပွန်‌ဒေသရှိ ရွာသားများ၏ ‌နေအိမ် ၅ လုံးထက်မနည်း စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီး

1809
လူ‌နေအိမ်များ မီးရှို့ဖျက်ဆီးခံရ‌နေရပုံကို ‌တွေ့မြင်ရစဉ်။

ဇူလိုင် ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်(ဖာပွန်)ခရိုင် ဒွယ်လိုးမြို့နယ် ကူးဆိပ်‌ကျေးရွာမှ လူ‌နေအိမ် ၅ လုံးထက်မနည်းကို စစ်‌ကောင်စီတပ်ဖွဲ့ဝင်များက အ‌ကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ‌ဒေသခံများက ‌ပြောသည်။

ယ‌နေ့ မွန်းလွဲပိုင်းတွင် ‌ကျော်မင်းထွန်းဦး‌ဆောင်သည့် စစ်‌ကောင်စီ ၏ စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ် -စကခ (၈) လက်‌အောက်ခံ ခမရ ၄၀၇ တပ်ရင်းနှင့် နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက် ‌ရေးတပ်မ‌တော် (KNLA) တပ်ဖွဲ့တို့အကြား ကူးဆိပ်ရွာအနီးတွင် ထိ‌တွေ့ပစ်ခတ်မှုဖြစ်ပွားပြီး‌နောက် စစ်‌ကောင်စီတပ်သားများသည် ရွာအတွင်းသို့ ဝင်‌ရောက်ကာ လူ‌နေအိမ်များကို ထိုသို့ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လတ်တ‌လော ရရှိထားသည့် စာရင်းအရ ‌နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ရွာသားများမှာ ‌စောစိန်ဝင်းလှ၊ ဦး‌ဇော်‌လေး၊ မရီ‌ဌေး၊ ‌စောအားနယ်နှင့် ကိုးငယ်တို့ ဖြစ်ကြပြီး စာရင်းမ‌ကောက်နိုင်‌သေးသည့် ‌နေအိမ်များရှိ‌သေးသည်ဟု ‌ဒေသခံတစ်ဦးက ‌ပြောသည်။

လူ‌နေအိမ်များမီးရှို့ဖျက်ဆီးခံရသည့် ကူးဆိပ်ရွာတွင် စုစု ‌ပေါင်း အိမ်‌ခြေ ၆၉ လုံးရှိသည်ဟု သိရှိရသည်။ ယ‌နေ့ ဖြစ်ပွားခဲ့သည့် KNLA တပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များအကြား ထိ‌တွေ့ပစ်ခတ်မှုတွင် စစ်‌ကောင်စီဘက်မှ ဆယ်ဦးထက်မနည်း ထိခိုက်‌သေဆုံးမှုရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။

‌ကေအဲန်ယူ မူ‌တြော်(ဖာပွန်)ခရိုင်ဘက်တွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ စစ်‌ရေးလှုပ်ရှားမှုများ ပိုမိုလှုပ်ရှားလာသည့်အတွက် နယ်‌မြေခံ KNLA တပ်မဟာ ၅ ဖွဲ့ဝင်များနှင့် ‌နေ့စဉ်လိုလို ပစ်ခတ်မှု ဖြစ်ပွားလျက်ရှိသည်ဟု ‌ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။