Home သတင်း ထမ့်ဟင် ဒုက္ခသည်စခန်းအတွင်း ကိုဗစ်-၁၉ ကူးစက်မှု ဆက်လက်ဖြစ်ပွားဆဲ

ထမ့်ဟင် ဒုက္ခသည်စခန်းအတွင်း ကိုဗစ်-၁၉ ကူးစက်မှု ဆက်လက်ဖြစ်ပွားဆဲ

949
Photo: Thawda Bu- Facebook

ဇွန်လ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် ထမ့်ဟင်ဒုက္ခသည်စခန်းတွင် ယခုလ ဇွန်လအထိ ကိုဗစ် -၁၉ ကပ်‌ရောဂါ ကူးစက်မှု ဆက်လက်ဖြစ်ပွားဆဲဖြစ်သည်ဟု စခန်းတာဝန်ရှိသူများ၏‌ပြောဆိုချက်အရ သိရသည်။

ထမ့်ဟင်ဒုက္ခသည်စခန်းတွင် ဧပြီလ ၂၂ ရက်မှစ၍ ယခုဇွန်လ ၁၁ ရက်‌နေ့အထိ ကိုဗစ်ကူးစက်ခံရသူ စုစု‌ပေါင်း ၁၃၁ ဦးရှိသည့်အနက် ၉၅ ဦးမှာ ‌ရောဂါ‌ပျောက်ကင်းသွားပြီဖြစ်ပြီး လက်ရှိ ၃၆ ဦးမှာ ကိုဗစ် ၁၉ ကုသ‌ရေးစင် တာတွင် ‌ဆေးကုသမှု ခံယူ‌နေရဆဲဟု စခန်း‌ကော်မတီဝင် တစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ စခန်း‌ကော်မတီဝင်က “လကုန်တုန်းက‌တော့ ကူးစက်သူနည်းလာပြီး ဇွန်လ ၆ ရက်‌နေ့မှာ ၂၂ ဦးအထိ ပြန် များလာတယ်။ အဲဒီကူးစက်ခံရတဲ့လူ‌တွေကို အပြင်က‌နေ‌စောင့်ကြည့်ဖို့၊ လိုအပ်တာ‌တွေကို လုပ်‌ပေးဖို့ ရပ်ကွက်ထဲက စုစု‌ပေါင်း ၅ ‌ယောက် တာဝန်‌ပေးရတာ‌ပေါ့။”ဟု‌ပြောသည်။

ထို့အပြင် ကိုဗစ် ၁၉ ကူးစက်မှု ဆက်လက်ဖြစ်ပွား‌နေဆဲဖြစ်သည့်အတွက် စခန်းအတွင်းရှိ ‌ဈေးဆိုင်များအားလုံး မှာ ဇွန်လ ၁၄ ရက်အထိ ပိတ်ထားရမည်ဖြစ်ပြီး စခန်းအတွင်း ‌နေထိုင်သူအားလုံးကိုလည်း ‌နေအိမ်အပြင်သို့ ထွက်ခွင့်မ‌ပေး‌သေး‌ကြောင်း စခန်းတာဝန်ရှိသူထံမှသိရသည်။

ထိုင်းနိုင်ငံတွင် ဧပြီလမှ စတင်၍ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှု‌ကြောင့် ‌ရောဂါကာကွယ်ထိန်းချုပ်သည့် အ‌နေဖြင့် တစ်နိုင်ငံလုံးအသွားအလာ ပိုမိုတင်းကြပ်ထားသလို နယ်စပ်‌ဒေသရှိ မြန်မာဒုက္ခသည်စခန်းများအားလုံး ကိုလည်း အဝင်အထွက်တင်းကြပ်ထားလျက်ရှိသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်တွင် မယ်လ၊ အုန်းဖျန့်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ့်ဟင်၊ ဘမ့်ဒုံယမ်းနှင့် အမှတ်(၁)၊ အမှတ်(၂) ကရင်နီဒုက္ခသည်စခန်းအပါအဝင် စုစု‌ပေါင်း ဒုက္ခသည်စခန်း(၉)ခုရှိပြီး လူဦး‌ရေ ၉၀၀၀၀(ကိုး‌သောင်း) ‌ကျော် ခိုလှုံလျက်ရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် ကိုဗစ် -၁၉ ‌ရောဂါကူးစက်မှု မြင့်မား‌နေဆဲဖြစ်ပြီး လက်ရှိတွင် တစ်နိုင်ငံလုံးအ‌နေဖြင့် ကူးစက်ခံရသူ ၁၈၉,၈၂၈ ဦးအနက် ‌သေဆုံးသူ ၁,၄၀၂ ဦးရှိ‌ကြောင်း ထိုင်းကျန်းမာ‌ရေးဌာန၏ ဇွန်လ ၁၁ရက်‌နေ့ ထုတ်ပြန်ချက်အရ သိရသည်။