Home သတင်း မူ‌တြော်ခရိုင်ထဲရှိ စစ်‌ရှောင်ဒုက္ခသည်များ ဝမ်းပျက်ဝမ်း‌လျှော ‌ရောဂါဖြစ်ပွား‌နေ

မူ‌တြော်ခရိုင်ထဲရှိ စစ်‌ရှောင်ဒုက္ခသည်များ ဝမ်းပျက်ဝမ်း‌လျှော ‌ရောဂါဖြစ်ပွား‌နေ

1009
Photo: KDHW

‌မေလ ၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်၊ တပ်မဟာ ၅ နယ်‌မြေတွင် စစ်‌ကောင်စီတပ်၏ ‌လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရသည့် စစ်‌ရှောင်ဒုက္ခသည်များထဲတွင် ယခုရက်ပိုင်း အတွင်း ဝမ်းပျက်ဝမ်း‌လျှော‌ရောဂါ အဖြစ်များလျက်ရှိသည်ဟု သိရသည်။

စစ်‌ရှောင်ဒုက္ခများသည် သန့်ရှင်း‌သော ‌သောက်သုံး‌ရေမရရှိသည့်အတွက် က‌လေး၊ လူကြီးအားလုံး ၂၀ဝ ထက်မနည်း ဝမ်းပျက်ဝမ်း‌လျှော‌ရောဂါ ဖြစ်ပွားလျက်ရှိပြီး အချို့‌နေရာများတွင် လူနာဦး‌ရေ ‌နေစဉ်တိုးလာ သည်ဟု ‌ကော်သူး‌လေ ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာနမှ ‌ဆေးသင်တန်းမှူး ‌စောဒိုးဒို အယ်ကလူက ‌ပြောသည်။

၎င်းက “မူ‌တြော်ခရိုင်ကျန်းမာ‌ရေးမှူး တင်ပြထားချက်အရ ‌ဒေပူးနို‌ဒေသအတွင်းမှာ တိမ်း‌ရှောင်‌နေရတဲ့ ‌နေ ရာ‌တွေမှာ ဝမ်းပျက်ဝမ်း‌လျှောဖြစ်တယ်။ သူတို့ လည်းလုပ်လို့မနိုင်‌တော့ဘူး။ ပြီး‌တော့ သံလွင်မြစ်‌ဘေးမှာ စစ်‌ရှောင်‌တွေသွား‌နေတဲ့ ‌နေရာတစ်‌နေရာမှာလည်း ဖြစ်‌နေတယ်။ သူတို့‌တွေက ‌ရွှေ့‌ပြောင်း‌နေရ‌တော့ သယ်‌ဆောင်လို့ရတဲ့‌ရေသန့် စက်ရရင်‌ကောင်းမယ်။ ပြီး‌တော့ ကုသ‌ရေးအပိုင်းသွားရင် မရဘူး ၊ ကာကွယ်‌ရေးအပိုင်း လုပ်‌ဆောင်မှ ထိန်းချုပ်လို့ရမှာဖြစ်တယ်။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

Photo: KDHW

အဆိုပါစစ်‌ပြေး‌ရှောင်များအတွက် ‌သောက်သုံး‌ရေ ‌ကောင်းမွန်စွာမရရှိပါက ဝမ်းပျက်ဝမ်း‌လျှော ‌ရောဂါ ထိန်းချုပ်ရန် မရနိုင်သည့် အ‌ခြေအ‌နေရှိ‌သော‌ကြောင့် ယခုအချိန်တွင် ၎င်းစစ်‌ရှောင်ဒုက္ခသည်များအတွက် သန့်ရှင်း‌သော ‌သောက်သုံး‌ရေရရှိန်ရန် ‌ရေသန့်စင်‌ပေးသည့် ပစ္စည်းများ အ‌ရေး‌ပေါ်လိုအပ်‌နေသည်ဟု ‌စောဒိုးဒို အယ်ကလူက ဆက်‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ သီးမူထာ့ စစ်‌ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် မတ်လ ၂၇ ရက်‌နေ့က KNLA တပ်ဖွဲ့ဝင်များ တက်‌ရောက်သိမ်းယူခဲ့ပြီး‌နောက် စစ်‌ကောင်စီတပ်ဘက်မှ ‌ဒေသခံလူထုများ‌နေထိုင်သည့် ‌ကျေးရွာများတွင် ‌လေယာဉ်အသုံးပြုပြီး ပစ်ခတ်မှုများ လုပ်‌ဆောင်‌သော‌ကြောင့် ‌သောင်းနှင့်ချီသည့် ‌ဒေသခံလူထုများသည် ‌တောထဲ‌တောင်ထဲသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရသည်။

အဆိုပါ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြသည့် ‌ဒေသခံလူထုများသည် လက်ရှိအချိန်တွင် သန့်ရှင်းသည့် ‌သောက်သုံး‌ရေ မရရှိ‌သော‌ကြောင့် ဝမ်းပျက်ဝမ်း‌လျှော‌ရောဂါဖြစ်ပွားခဲ့သည့်အပြင် ‌နေရာထိုင်ခင်းနှင့် စာနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိသည်ဟု သိရှိရသည်။