Home သတင်း KNU တပ်မဟာ (၅) နယ်‌မြေ၌ ‌မေလအတွင်း တိုက်ပွဲ‌ပေါင်း တစ်ရာ‌ကျော်ဖြစ်ပွားပြီး စစ်‌ကောင်စီ တပ်ဖွဲ့ဝင် ၂၀ဝ နီးပါး‌သေဆုံး

KNU တပ်မဟာ (၅) နယ်‌မြေ၌ ‌မေလအတွင်း တိုက်ပွဲ‌ပေါင်း တစ်ရာ‌ကျော်ဖြစ်ပွားပြီး စစ်‌ကောင်စီ တပ်ဖွဲ့ဝင် ၂၀ဝ နီးပါး‌သေဆုံး

10600
Photo: KNU

‌မေ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

စစ်‌ကောင်စီတပ်နှင့် နယ်ခြား‌စောင့်တပ် (BGF) ပူး‌ပေါင်း တပ်ဖွဲ့တို့ စစ်အင်အား ပိုမို တိုးပို့လာခြင်း‌ကြောင့် ကရင် အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅) နယ်‌မြေအတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်‌နေပြီး ‌မေလအ တွင်း တိုက်ပွဲ‌ပေါင်းတစ်ရာ‌ကျော်ဖြစ်ပွားခဲ့သည်ဟု KNU ဘက်က ‌ပြောသည်။

ယခု‌မေလဆန်းမှစ၍ စစ်အင်အား တိုးချဲ့လာသည့် စစ်‌ကောင်စီတပ်နှင့် BGF ပူး‌ပေါင်းတပ်ဖွဲ့တို့ စစ်‌ရေး ပိုမို လှုပ်ရှားလာခြင်း‌ကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်‌နေခြင်းဖြစ်ပြီး ယ‌နေ့ ‌မေလ ၂၆ ရက်‌နေ့အထိ တိုက်ပွဲ ‌ပေါင်းတစ်ရာ‌ကျော် ဖြစ်ပွားခဲ့ကာ စစ်‌ကောင်စီဘက်က ရာချီ‌သေဆုံးမှု ရှိခဲ့သည်ဟု KNU တပ်မဟာ(၅) ‌ပြောခွင့် ရ ဒုတိယဗိုလ်မှူးကြီး ‌စောကလယ်ဒို့က ယခုလို‌ပြောသည်။

“စစ်‌ကောင်စီဘက်က သူတို့လူ‌တွေနဲ့ BGF တပ်‌တွေပါ ‌ပေါင်းပြီး ကျ‌နော်တို့ ဘက်ကို စစ်အင်အား ပိုပြီး‌တော့ ပို့လာတဲ့အတွက် စစ်‌ရေးလှုပ်ရှားမှုက များလာပြီး ‌နေ့စဉ်လိုလို ပစ်ခတ်မှု‌တွေက ပြင်းထန်လာ‌နေတယ်။ တိုက်ခိုက်မှုက ရပ်သွားတယ်ဆိုတာကိုမရှိဘူး။ ဒီ‌မေလဆန်းကစပြီး ဒီ‌နေ့အထိက တိုက်ပွဲ‌ပေါင်း ၁၉၃ ကြိမ် ‌လောက်ရှိပြီး” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် အဆိုပါ ထိ‌တွေ့ တိုက်ပွဲ‌ပေါင်း တစ်ရာ‌ကျော်အတွင်း စစ်‌ကောင်စီ တပ်ဘက်မှ ၁၂၈ ဦး‌သေဆုံးခဲ့ပြီး ၁၈ဝ ထိခိုက်ဒဏ်ရာရရှိခဲ့သလို တပ်ရိက္ခာပို့‌ဆောင်ရာတွင် အသုံးပြုသည့် မြင်း ၁၂ ‌ကောင်ပါ ‌သေဆုံးသွားပြီး သယ်ပို့ ယာဉ် ၉စီးလည်း ပျက်စီးသွား‌ကြောင်း ဒုဗိုလ်မှူးကြီး ‌စောကလယ်ဒို့က ဆက်‌ပြောသည်။

အဆိုပါ ‌သေဆုံးသွားသည့် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များထဲမှ ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်တစ်ဦးနှင့် ဒုဗိုလ် တစ်ဦး ပါဝင်ပြီး ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်(KNLA)ဘက်ကမူ နှစ်ဦး ကျဆုံးပြီး ၉ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကာ ‌ဒေသခံ တစ်ဦးလည်း ထိခိုက်‌သေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ဘက်က ဆိုသည်။

တိုက်ပွဲအတွင်း စစ်‌ကောင်စီ တပ်ဘက်မှ ‌ဒေသခံ‌ကျေးရွာအတွင်းနှင့် လုပ်ကိုင်စား‌သောက်‌မြေများအတွင်းသို့ လက်နက်ကြီး ‌ပေါင်း ၉၈ လုံးပစ်ခတ်ခဲ့သည့်အတွက် ထွီးသီအု ‌ကျေးရွာဘက်တွင် လူ‌နေအိမ် ၄လုံး၊ ထီးဖိုးသန် ‌ကျေးရွာတွင် လူ‌နေအိမ် တစ်လုံးနှင့် တဲအိမ် ၆လုံး ပျက်စီးခဲ့သည်။ ၎င်းအပြင် တ‌ကော့ထ ‌ကျေးရွာအတွင်း လူ‌နေအိမ် ၄ဝ လုံး‌ကျော်ကိုလည်း စစ်‌ကောင်စီတပ်မှ မီးရှို့ ပျက်စီးခဲ့ပြီး ၎င်း‌ကျေးရွာများရှိ ‌ဒေသခံများ၏ ဆန်အိတ်များ အပြင် ပိုင်ဆိုင်မှုပစ္စည်းများကို ယူ‌ဆောင်သွား‌ကြောင်းလည်း KNU ဘက်က စု‌ဆောင်းရရှိထားသည့် အချက်အလက်များအရ သိရသည်။

စစ်‌ကောင်စီဘက်မှ ၎င်းနယ်‌မြေအတွင်း အဓိက စစ်‌ရေးလှုပ်ရှားကြသည့် တပ်ဖွဲ့များမှာ အမှတ် (၈) စစ်ဆင်‌ရေးကွပ်ကဲမှု ‌ရေးဌာနချုပ်(စကခ)လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း(ခမရ-၄၀၅)၊ (ခမရ-၄၀၇)နှင့် (ခမရ-၄၀၈)တို့ ဖြစ်ပြီး ၎င်းနှင့် ပူး‌ပေါင်း၍ BGF တပ်ဖွဲ့ဝင်များတွင်မူ ယခင်ရှိပြီးသား အမှတ် တပ်ရင်း (၁၀၁၃)နှင့် (၁၀၁၄) တို့အပြင် လက်ရှိတွင် အမှတ် (၁၀၁၁)၊ (၁၀၁၈) တပ်ရင်းနှင့် (၁၀၁၉)တပ်ရင်းများမှ စစ်အင်အား ဖြည့်တင်းပို့‌ဆောင် လာပြီး KNU နယ်‌မြေအတွင်းသို့ ဝင်‌ရောက်ရန် ကြိုးပမ်းလှုပ်ရှားမှု‌ကြောင့် ‌နေ့စဉ် ထိ‌တွေ့မှုများ ဖြစ်ပွား‌နေခြင်း ဖြစ်သည်ဟု KNU က ဆိုသည်။

အလားတူ စစ်‌ကောင်စီ၏ တပ်မ(၄၄) လက်‌အောက်ခံ တပ်ရင်းမှလည်း ဘီးလင်းဘက်ခြမ်းသို့ တက်၍ ဝင်‌ရောက်လာ‌နေ ‌ကြောင်း သတင်းရရှိထား‌သော်လည်း တပ်ရင်းတပ်ဖွဲ့ အမည်နှင့် အင်အားကို အ‌သေးစိတ် မသိရှိ ရ‌သေး‌ကြောင်းလည်း ဒုဗိုလ်မှူးကြီး ‌စောကလယ်ဒို့က ‌မြေပြင်သတင်းကို အ‌ခြေခံ၍ ဖြည့်စွက်‌ပြော ဆိုသည်။

အလားတူ ပြီးခဲ့သည့် ‌မေလ ၂၄ ရက်နှင့် ၂၅ရက်‌နေ့တွင် နယ်ခြား‌စောင့်တပ်(BGF ) တပ်ဖွဲ့ဝင်များနှင့် KNU တပ်မဟာ(၅) လက်‌အောက်ခံ KNLA တပ်ဖွဲ့ဝင်များအကြား ထိ‌တွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့၍ BGF ဘက်မှ စစ်‌ကြောင်းမှူး တစ်ဦး ကျဆုံးခဲ့ရာ ‌နောက်ထပ် ထိ‌တွေ့မှုအတွင်း BGF တပ်ဖွဲ့ဝင် ၂ဦး ထပ်မံကျဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ၏ ပြန်ကြား‌ရေးဌာန က ထုတ်ပြန်ထားသည်။

ယခု ထိ‌တွေ့ တိုက်ပွဲများ ဆက်လက် ပြင်းထန်လာမှု‌ကြောင့် ‌သောင်းနှင့်ချီသည့် ‌ဒေသခံ ‌ကျေးရွာသားများ ထွက်‌ပြေး တိမ်း‌ရှောင်‌နေကြရဆဲဖြစ်ပြီး မိုးဦးကာလ ‌ရောက်လာသည်နှင့်အမျှ အမိုးအကာ နှင့် အ‌ခြေခံစားနှပ် ရိက္ခာများ၊ ‌ဆေးဝါးများ လိုအပ်လျက်ရှိသည်ဟု ‌ဒေသတွင်း လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

အလားတူ လတ်တ‌လောတွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များကို မြန်မာပြည်၏ ‌ဒေသအချို့တွင် လူငယ်များနှင့် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့(PDF)က လက်နက်ကိုင် ခုခံ တိုက်ခိုက်မှုများ ပြုလုပ်‌နေကြသည်။ ချင်း၊ ကရင်နီ ၊ ရှမ်းစသည့် ပြည်နယ်များ နှင့် စစ်ကိုင်းတိုင်း ‌ဒေသအချို့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်‌နေပြီး ကချင်ပြည်နယ်တွင်လည်း ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်(KIA)က စစ်‌ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်လျက်ရှိသည်။