မေလ ၆ ရက်၊၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့ မှ ဆိုင်ကယ်တက္ကစီမောင်းသူ (၂) ဦး ကော့ကရိတ်ခရိုင် ကိုးတိုင်လမ်းခွဲ တောင်ကြာ အင်းကျေးရွာအလွန် နောင်တလာ နှင့် ကော့ဖေါင်းရွာကြားတွင် အသတ်ခံရပြီး ဆိုင်ကယ်လုယူခံရကြောင်း သိရသည်။
သေဆုံးသူ ၂ ဦး မှာ မြဝတီမြို့ အမှတ် (၄) ရပ်ကွက် ဘုရင့်နောင်လမ်းမကြီး ဈေးကုန်းအနီးရှိ ကရင်စာပေ ဆိုင်ကယ် taxi ဂိတ်မှ ဆိုင်ကယ်မောင်းသူများဖြစ်သော ချစ်ကို (၂၈ နှစ်)၊ မြဝတီမြို့ အမှတ် (၅) ရပ်ကွက်၊ ဧည့်မထလမ်းနေသူနှင့်ဝေလင်း (၃၁ နှစ်) အမှတ် ၄ ရပ်ကွက်၊ ကျောက်လုံးကြီးရပ် ပဒုံမာလမ်းတွင်နေထိုင်သူတို့ဖြစ်ကြောင်း ၎င်းတို့နှင့် ဂိတ်တွင် ဆိုင်ကယ်အတူမောင်းသူ တစ်ဦးက အတည်ပြုပြောသည်။
ယမန်နေ့ မေလ ၅ ရက် မနက် (၇) နာရီခန့်က မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ဘုရင့်နောင်လမ်းမကြီး ဈေးကုန်းအနီး ကရင်စာပေ ဆိုင်ကယ်ဂိတ်မှ ကော့ကရိတ်ခရိုင် တောင်ကြာအင်း ဘက်သို့သွားမည့် ခရီးသည်များကို ဆိုင်ကယ် ၂ စီးဖြင့် အတူသွားရောက် ပို့ဆောင်စဉ် ဆိုင်ကယ်လုယက်ခံရကာ အသတ်ခံခြင်းဖြစ်နိုင်သည်ဟု ၎င်းဆိုင်ကယ်မောင်းသူက ဆက်ပြောသည်။
အဆိုပါ သေဆုံးသူ ၂ဦးမှာ လည်ပင်းပြတ်ရှဒဏ်ရာ လက်ဖျံတွင် ပွန်းပဲ့ဒဏ်ရာများရရှိပြီး သေဆုံးလျက်ရှိကြောင်းသိရပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ကော့ကရိတ်မြို့ ပုလဲဖြူလူ မှုကယ်ဆယ်ရေးအဖွဲ့မှ ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။



















