မေလ ၁ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖာပွန်မြို့ထဲတွင် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင် အယောက် ၁၀ဝ ကျော် ယနေ့(မေ ၁ဝရက်) နံနက်အစောပိုင်းတွင် ထပ်မံရောက်ရှိသည်ဟု KNU-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် ၊ တပ်မဟာ(၅)က ပြောသည်။
အဆိုပါရောက်ရှိလာသည့် BGF တပ်ဖွဲ့ဝင်များသည် ဖာပွန်မြို့ထဲတွင် နေပါက ပြဿနာမရှိသော်လည်း ဖာပွန်မြို့ကိုကျော်၍ ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာလျှင် ထိပ်တိုက်ထိတွေ့မှုများဖြစ်ပွား နိုင်သည်ဟု KNU တပ်မဟာ(၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒို့က ကေအိုင်စီသို့ပြောသည်။
၎င်းက“ ဖာပွန်မှာက အရင်ကတည်းက BGFတွေလည်း ရှိထားတယ်။ အခုက ထပ်ပြီးတက်လာတာပေါ့။ ဖာပွန် ထဲမှာပဲနေရင်တော့ ဘာမှတော့မဖြစ်လောက်ဘူး။ အဲမှာမနေဘဲ ဒီဘက်ကို ဆက်လာရင်တော့ တစ်ခုခုတော့ဖြစ် လာမှာပေါ့။ BGF တွေက နယ်မြေထဲဝင်လာရင် အရင်ကတည်းက သူတို့တွေကြီးပဲ မဝင်လာဘူး ။ စစ်တပ်နဲ့အတူ လိုက်လာတယ်” ဟု ကေအိုင်စီသို့ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းများက KNU တပ်မဟာ ၅ နယ်မြေထဲတွင် ရိက္ခာလမ်းကြောင်းဖြတ် တောက်ခံထားရသည့် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များအတွက် ရိက္ခာကူညီပို့ဆောင်ပေးရန် BGF တပ်ဖွဲ့ဝင် အင်အား ၄၀ဝ ကျော် ကမမောင်းဒေသဘက်တွင် ရောက်ရှိထားပြီးနောက် ယခုလို ထပ်မံရောက်ရှိလာခြင်းဖြစ်သည်ဟု KNU တပ်မဟာ (၅)ဘက်က ပြောသည်။
အမည်မဖော်လိုသူ ဖာပွန်ဒေသခံတစ်ဦးကလည်း “BGFနဲ့ ဗမာစစ်သားတွေပူးပေါင်းပြီးဒီမနက်ပဲ ဖာပွန်မြို့ ရပ်ကွက်(၃) ကနေ့ ထွက်သွားပြီး ဘရင်ဂျီကုန်းဘက်ကို တက်သွားပြီးတော့ မရယ်ခီး (မရယ်ချောင်းဖျား) လမ်းဘက်ကိုတက်သွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ယမန်နေ့ မေလ (၉)နေ့တွင်လည်း ဖာပွန်-ကမမောင်းလမ်းရှိ ဝါသိုးခိုတွင် စစ်ကောင်စီတပ်၊ BGF တပ်ပူးပေါင်း တပ်ဖွဲ့နှင့် KNLA တပ်မဟာ(၅) တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေကို မသိရှိရ သေးကြောင်း၊ အဆိုပါ ပစ်ခတ်မှုတွင် BGF တပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့သည်ဟု သတင်းများထွက်ပေါ်နေ မှုနှင့်ပတ်သက်၍ အတည်မပြုနိုင်သေးကြောင်း ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။
KNU တပ်မဟာ(၅)ထဲသို့ ဝင်ရောက်ခြင်းသည် အဆိုပါဒေသအတွင်းရှိ ၎င်းတို့၏ ၁၀၁၃၊ ၁၀၁၄ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားနိုင်ရန် လမ်းကြောင်းလုံခြုံရေး ယူပေးခြင်းသာဖြစ်ပြီး တပ်မဟာ(၅)ကို သွား ရောက်တိုက်ခိုက်မည်မဟုတ်ကြောင်း ကရင်ပြည်နယ် ၊ နယ်ခြားစောင့်တပ် -BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက မေလ ၆ ရက်နေ့တွင် ကေအိုင်စီသို့ ပြောဆိုထားသည်။



















