မေလ ၇ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
စစ်အာဏာသိမ်းမှုနောက်ပိုင်း တိုင်းရင်းသား ဒေသများတွင် အရေးပေါ်ကျန်းမာရေးလိုအပ်ချက်များ မြှင့်မား လာကြောင်း တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများဖြင့် စုဖွဲ့ထားသည့် တိုင်းရင်းသား ကျန်းမာရေး ကော်မတီ (EHC)က ယမန်နေ့ မေလ ၆ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်ပြည်မထဲမှ လူထုများနှင့် အာဏာဖီဆန်မှု(CDM) ဝန်ထမ်းအများအပြား တိုင်းရင်းသား ဒေသများသို့ ဝင်ရောက် ခိုလှုံလာမှုများကြောင့် Covid-19 ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ခြင်းနှင့် ကျန်းမာရေး ကူညီစောင့်ရှောက်မှုပေးနိုင်ရန်အတွက်အရေးပေါ်လိုအပ်ချက်များမြှင့်မားလာရခြင်းဖြစ်သည်ဟု ကော်မတီ၏ ပြောခွင့်ရ စောနေထူးက ယခုလိုပြောသည်။
၎င်းက “အရင်ကတည်းက ဘဏ္ဍာရေးပိုင်းဆိုင်ရာသော်လည်းကောင်း၊ ဆေးဝါးပစ္စည်းတွေမှာလည်း အားနည်း ချက်တွေ အများကြီးရှိတယ်။ အခုနောက်ပိုင်း မြို့ပြတွေကနေ ထွက်ပြေးလာတဲ့သူတွေ အထူးသဖြင့် CDM လုပ်တဲ့ သူတွေ တိုင်းရင်းသားဒေသတွေမှာ ပိုပြီးတော့ ရောက်ရှိလာတာတွေ ပိုတွေ့ရတယ်။ နောက်ပြီးတော့ Covid-19 ကို ဆက်ပြီး တိုက်ဖျက်နေရတဲ့ ပြဿနာကလည်းဆက်ပြီးရှိနေတယ်။ ဒါတွေအတွက် လိုအပ်တဲ့ ပစ္စည်းပစ္စယတွေက အများကြီး လိုအပ်လာတယ်” ဟု ကေအိုင်စီသို့ပြောသည်။
လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်လာသူများကို တာဝန်ယူ စောင့်ရှောက်နေစဉ် ကိုဗစ်ကပ်ရောဂါ ကို ရင်ဆိုင်ကြုံတွေ့နေရသည့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာအကူအညီများ အရေးပေါ် လိုအပ်နေကြောင်းလည်း စောနေထူးက ဆက်ပြောသည်။
အဆိုပါ လိုအပ်ချက်များအနေဖြင့် PPE ဝတ်စုံများ၊ ကိုဗစ်စမ်းသပ်ရေး စက်ကိရိယာပစ္စည်းများနှင့် ကိုဗစ် ကာကွယ်ဆေးများပါဝင်သင့်ပြီး တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ လုပ်ဆောင်နိုင်စွမ်းရှိသော ကျန်းမာရေးအခြေခံအုတ်မြစ်စနစ်များကို မြှင့်ပေးရန်လိုအပ်ကြောင်း EHC က ဆိုသည်။
ထိုသို့ ကူညီထောက်ပံ့မှုများပေးရာတွင်လည်း မြန်မာပြည်မထဲရှိ လက်ရှိ စစ်ကောင်စီမှတစ်ဆင့် တိုင်းရင်းသား ဒေသများသို့ ပေးပို့ ထောက်ပံ့ခြင်းမျိုးမဟုတ်ဘဲ နယ်စပ်ဖြတ်ကျော်ကူညီထောက်ပံ့မှုအနေဖြင့် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများသို့ တိုက်ရိုက်ကူညီထောက်ပံ့မှု ပေးသင့်ကြောင်းလည်း စောနေထူးက ပြောသည်။
“နိုင်ငံတကာ အစိုးရတွေရဲ့ ကူညီပံ့ပိုးမှု ကိစ္စရပ်တွေမှာတော့ အရင်တုန်းကလို ပြည်တွင်းကို ဖြတ်ပြီးတော့ သွားနေမယ့်အစား လောလောဆယ်ဖြစ်ရှိနေတဲ့ အနေအထားအရ သူတို့(စစ်ကောင်စီ)ဆီကနေ သွားစရာ အကြောင်းမရှိဘူး။ သွားမယ်ဆိုရင် အာဏာသိမ်းစစ်ကောင်စီကိုသွားပြီးတော့ အသိအမှတ်ပြုရာကျမယ်။ လောလောဆယ်မှာ နယ်စပ်ဖြတ်ကျော်ပြီးတော့ သွားတာကပိုကောင်းတယ်။” ဟု စောနေထူးက ဆက်ပြောသည်။
အလားတူ မြန်မာပြည်၏ စစ်အာဏာသိမ်းမှုတွင် (CDM)ပြုလုပ်သူများ၌ ကျန်းမာရေး ဝန်ထမ်းအများအပြား ပါဝင်လာကြခြင်းကြောင့် တိုက်ရိုက်အကျိုးသက်ရောက်မှုအနေဖြင့် ကိုဗစ်ရောဂါစစ်ဆေးခြင်း၊ ကုသခြင်းနှင့် ကာကွယ်တားဆီးရေး၊ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းစဉ်များအပါအဝင် မြန်မာနိုင်ငံ၏ လူထုကျန်းမာရေး စနစ်ပြိုလှဲပြီး ထိန်းချုပ်ရန် မဖြစ်နိုင်သည့် ကပ်ရောဂါကူးစက်ပြန့်ပွားမှုများ၊ ဗိုင်းရပ်စ်ပိုးမျိုးကွဲသစ်များပေါ် ပေါက် လာခြင်း၊ ဒေသတွင်းနှင့် ကမာ္ဘလုံးဆိုင်ရာ ကိုဗစ်ကာကွယ်တားဆီးရေးကြိုးပမ်းမှုများအပေါ် ခြိမ်းခြောက် လာနိုင် ကြောင်းလည်း EHC က သတိပေးထောက်ပြထားသည်။
၎င်းအတွက် CDM လှုပ်ရှားမှုတွင် ပါဝင်နေသည့် ကျန်းမာရေးဝန်ထမ်းများ၏ ဆောင်ရွက်နေသော ကျန်းမာရေး ဝန်ဆောင်မှုများကို အာဏာသိမ်းစစ်ကောင်စီ၏ ကျန်းမာရေးစနစ်ဖြင့် ကင်းလွှတ်စွာရပ်တည်လုပ်ဆောင်နိုင်ရန် အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ကူညီမှုများ တိုးမြှင့်လုပ်ဆောင်ပေးသင့်ကြောင်းလည်း EHC က အကြံပြု တောင်းဆိုထားသည်။
ထို့အပြင် အိမ်နီးချင်းတိုင်းပြည်များဖြစ်သည့် အိန္ဒိယ၊ ဘဂင်္လားဒေ့ရှ်၊ တရုတ်နှင့်ထိုင်း နိုင်ငံများအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်ထိန်းချုပ်နယ်မြေများတွင် လိုအပ်နေသော ကိုဗစ်ကာကွယ်ဆေးများကို လူသား ချင်းစာနာမှုအရသော်လည်းကောင်း၊ လူထုအသီးသီးသို့ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရန် လည်းကောင်း သယ်ယူပို့ ဆောင်ခွင့်ပြုရန်လည်း EHC က ဆက်လက် တောင်းဆိုထားသည်။
တစ်ဖက်တွင်လည်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)မှတဆင့် ဖွဲ့စည်းလိုက်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)တွင် သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနကိုပါ ဖွဲ့စည်းထားသော် လည်း ကျန်းမာရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုအတွက် လက်ရှိအချိန်ကာလအထိ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆွေးနွေးပြောဆိုမှုများမရှိသေးကြောင်းသိရပြီး ဆွေးနွေး ညှိနှိုင်းမှုများ ပေါ်ပေါက်လာမည်ဟုယူဆကြောင်းလည်း စောနေထူးက ဖြည့်စွက်ပြောဆိုသည်။
တိုင်းရင်းသား ကျန်းမာရေး ကော်မတီ(EHC) ထိုင်း-မြန်မာ နယ်စပ်ဒေသ တစ်လျှောက်ရှိ မွန်၊ ကရင်၊ ကရင်နီ နှင့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်များစီမံအုပ်ချုပ်ရာဒေသများ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၏ နယ်စပ်ဒေသ များတွင် ကျန်းမာရေး စောင့်ရှောက်မှုများပေးနေသော တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများ၏ အဓိက မိတ်ဖက်စုဖွဲ့မှုကော်မတီဖြစ်ကြောင်း သိရသည်။