Home သတင်း အတာသကြင်္န်ပွဲ‌တော်အား ပါဝင်ဆင်နွှဲခြင်းမပြုကြရန် မြဝတီမြို့ စစ်အာဏာရှင်ဆန့်ကျင်‌ရေးအဖွဲ့မှ တိုက်တွန်းထား

အတာသကြင်္န်ပွဲ‌တော်အား ပါဝင်ဆင်နွှဲခြင်းမပြုကြရန် မြဝတီမြို့ စစ်အာဏာရှင်ဆန့်ကျင်‌ရေးအဖွဲ့မှ တိုက်တွန်းထား

1875

ဧပြီလ ၇ ရက် ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

လာမည့် ဧပြီလ ဒုတိယအပတ်တွင် ကျ‌ရောက်မည့် မြန်မာနှစ်ကူးအတာသကြင်္န်ပွဲ‌တော်အား ပါဝင်ဆင်နွှဲခြင်းမပြုကြရန် မြဝတီမြို့ စစ်အာဏာရှင်ဆန့်ကျင်‌ရေးပြည်သူများက လူမှုကွန်ရက်စာမျက်နှာများမှတဆင့် တိုက်တွန်းနှိုး‌ဆော်ထား‌ကြောင်း သိရသည်။

အဆိုပါ တိုက်တွန်းနှိုး‌ဆော်စာတွင် မြဝတီမြို့နယ်အတွင်း‌နေထိုင်ကြသည့် ‌တော်လှန်‌သော မိဘပြည်သူညီအစ်ကို ‌မောင် နှမအ‌ပေါင်းတို့ခင်ဗျား ၂၀၂၁ ခုနှစ်၊ ‌ဖေ‌ဖေါ်ဝါရီ ၁ ရက်‌နေ့ အာရုဏ်တက်ချိန်မှစတင်၍ ‌ရွေး‌ကောက်ခံ ပြည်သူ့အစိုးရနှင့် လွတ်လပ်‌သော ဒီမိုက‌ရေ စီစနစ်ကို အဓမ္မနည်းဖြင့် လုယူသိမ်းပိုက်ခံခဲ့ရသည်မှာ ယ‌နေ့ဆိုလျှင် ရက်‌ပေါင်း (၆၆)ရက် ရှိပြီးဖြစ်ပါသည်။

အဓမ္မအာဏာသိမ်းယူမှု စတင်ဖြစ်‌ပေါ်ချိန်မှ စတင်၍ နိုင်ငံနှင့်အဝှမ်းတွင် ‌ပေါ်‌ပေါက်လာ ခဲ့‌သော အာဏာရှင် ‌တော်လှန်‌ရေး လှုပ်ရှားမှုများနှင့်အတူ မိမိတို့၏ မြဝတီမြို့နယ်‌နေ ပြည်သူလူထုများအ‌နေဖြင့်လည်း အကြမ်းမဖက် စု‌ဝေးဆန္ဒထုတ်‌ဖော် မှုများတွင် ပါဝင်ခဲ့ကြပြီးဖြစ်သလို ယခုအခါတွင် အပြင်းအထန်ကန့်သတ်လာ‌သော ‌မြေပြင် အ‌ခြေအ‌နေများ‌ကြောင့် စု‌ဝေးမှုမှလွှဲ၍ အကြမ်းမဖက်အာဏာရှင်‌တော်လှန်‌ရေးကို ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် လှုပ်ရှား ‌ဆောင်ရွက်လျှက်ရှိသည်ဟု ‌ဖော်ပြထားသည်။

ထို့အပြင် စုံလင်ကွဲပြား‌သော အာဏာရှင်ဆန့်ကျင်‌ရေး လှုပ်ရှားမှုများတွင် အတာသကြင်္န်ပွဲ‌တော် အချိန်အခါအတွင်းမိမိတို့တစ်ဦးတစ်‌ယောက်ချင်းစီမှ ပါဝင်ဆင်နွှဲမှု မပြုခြင်းသည်လည်း အကြမ်းမဖက် အာဏာဖီဆန်‌ရေး ‌ဆောင်ရွက်မှု တစ်ရပ်အဖြစ် မှတ်ယူနိုင်ပါသည်။

‌သွေးစွန်း‌နေ‌သော ‌နေ့ရက်များအတွင်း ကျ‌ရောက်လာမည့် အတာသကြင်္န်ပွဲ‌တော်ကို ပါဝင် ဆင်နွှဲဖို့ရန်အတွက် ကျွန်ုပ်တို့ မြဝတီမြို့‌နေ ပြည်သူများအ‌နေဖြင့် မည်သည့်နည်းနှင့်မျှ လိပ်ပြာလုံနိုင်ကြလိမ့်မည်မဟုတ်ပါ။ သို့ပါ‌သော‌ကြောင့် မြဝတီမြို့‌နေ ပြည်သူလူထုများအ‌နေဖြင့် တိုင်းပြည်နှင့်အဝှမ်း ပူ‌ဆွေး‌သောက ‌ရောက်‌နေချိန်အတွင်း ဤသကြင်္န်ပွဲ‌တော်တွင် ပါဝင်ဆင်နွှဲမှု မပြုကြပါရန် အထူး‌မေတ္တာရပ်ခံပြီး မိမိတို့သည် အာဏာရှင်၏ စီမံအုပ်ချုပ်မှု ‌အောက်တွင် စိုးစဉ်းမျှ သာယာဝ‌ပြောခြင်းမရှိနိုင်‌ကြောင်းကိုလည်း ဤနည်း အားဖြင့် ထုတ်‌ဖော်ပြသကြရမည်ဖြစ်သည် ။

ဤကဲ့သို့ ပါဝင်ဆင်နွှဲခြင်းသည် ကျဆုံး‌လေပြီး‌သော အာဇာနည် သူရဲ‌ကောင်းများနှင့် ယင်းတို့၏ အသက်စွန့်ကြိုးပမ်းမှုအ‌ပေါ် မ‌လေးစားရာကျ ‌ရောက်မည်ဖြစ်၍ မြဝတီမြို့နယ်အတွင်း မည်သို့‌သောသကြင်္န်ပွဲ‌တော်ဆင်နွှဲမှု ပုံစံမျိုးစုံကိုမျှ မပြုလုပ်ကြပါရန် အ‌လေးအနက် အနူးအညွတ် ‌မေတ္တာရပ်ခံပြီး မိမိတို့ မြို့‌နေပြည်သူများသည် သမိုင်းအတွက် လိပ်ပြာလုံ‌သော၊ အမှန်တရားနှင့် ဓမ္မတရားကိုသာ လိုလား‌သော လူမှုအဖွဲ့အစည်းတစ်ရပ် ဖြစ်‌ကြောင်း ထုတ်‌ဖော်ပြနိုင်ပါရန် မြဝတီမြို့‌နေ မိဘပြည်သူများသို့ ‌လေးစားစွာဖြင့် တိုက်တွန်းလိုပါသည်ဟူ၍ ‌ဖော်ပြပါရှိသည်။

လက်ရှိမြဝတီမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်‌ရေး လူထုလှုပ်ရှားမှုများနှင့်ပတ်သက်၍ ဖမ်းဆီးတရားစွဲခံရသူ လူ ၁၀ဝ ဝန်းကျင်ခန့်ရှိ‌နေပြီး ၎င်းတို့အား မြဝတီရဲစခန်းအချုပ်နှင့် ဖားအံမြို့ ‌တောင်က‌လေးအကျဉ်း‌ထောင်တွင် ထိန်းသိမ်းထား‌ကြောင်း သိရသည်။