Home သတင်း တိုင်းပြည်မငြိမ်မသက်ချိန် ကရင်ပြည်နယ်တွင် ပွဲလမ်းသဘင်များ ကျင်းပ‌နေမှုအ‌ပေါ် ‌ဝေဖန်မှုများမြင့်တက်

တိုင်းပြည်မငြိမ်မသက်ချိန် ကရင်ပြည်နယ်တွင် ပွဲလမ်းသဘင်များ ကျင်းပ‌နေမှုအ‌ပေါ် ‌ဝေဖန်မှုများမြင့်တက်

2806

ဧပြီ ၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ယခုကာလတွင် ကရင်ပြည်နယ်တွင်း တိုက်ပွဲများဖြစ်ပွား၍ ပြည်သူများ‌တောထဲ‌တောင်ထဲတွင် ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ ချိန်ဖြစ်သလို စစ်အာဏာသိမ်းမှု‌ကြောင့် နိုင်ငံအဝှမ်း ပြည်သူလူထုများ တည်ငြိမ်‌အေးချမ်းစွာ‌နေထိုင်၍ မရရှိ‌သေးသည့် ကာလဖြစ်‌သော်လည်း ပြည်နယ်အတွင်းရှိ ‌ကျေးရွာအချို့တွင် ပွဲလမ်းသဘင်များ စည်းကားစွာကျင်းပ‌နေ‌သော‌ကြောင့် ‌ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

ကရင်ပြည်နယ်အတွင်း အချို့‌ကျေးရွာများတွင် ဘုရားပွဲများ၊ ရဟန်းခံရှင်ပြုပွဲများ၊ တံတားဖွင့်ပွဲများကို စည်းကားရန်အတွက် ဇာတ်သဘင်ပွဲများ၊ စင်တင်‌တေးဂီများကို ငှားရမ်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသည့်အပြင် ‌ကျေးရွာအလိုက် လူငယ်များကို ဖိတ်‌ခေါ်၍ ‌ဘောလုံးပြိုင်ပွဲများလည်း ထည့်သွင်းကျင်းပ‌နေသည်ဟု သိရသည်။

အဆိုပါ ပွဲ‌တော်များကို အ‌ကြောင်းပြု၍ ‌ဒေသအတွင်း လက်နက်ကိုင်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရက်ရှည်စွာ အာဝါ ‌ဒေး(‌လောင်းကစား)ဝိုင်းများလည်း စည်ကားစွာကျင်းပ‌နေကြသလို အချို့ရွာတွင် အုပ်ချုပ်‌ရေးမှူး ဖိတ်‌ခေါ်ပွဲဖလား ‌ခေါင်းစဉ်တပ်၍ ‌ဘောလုံးပွဲများ ကျင်းပ‌ပေးလျက်ရှိသည်ဟု သိရသည်။

ယခုအချိန်တွင် အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းယူသည့်အတွက် နိုင်ငံအတွင်း လူထုများ တည်ငြိမ်‌အေးချမ်းစွာ‌နေ ထိုင်၍ မရရှိ‌သေးသလို စစ်အာဏာရှင် ကျဆုံး‌ရေး ‌တော်လှန်တိုက်ပွဲဝင်‌နေရသူများက အသက်‌ပေးပြီး တိုက်ပွဲဝင်‌နေရ၍ ပူ‌ဆွေး‌သောက‌ရောက်‌နေသည့် အချိန်တွင် ယခုလို ‌ပျော်ပွဲရွှင်ပွဲများ မကျင်းပသင့်‌ကြောင်း လှိုင်းဘွဲမြို့မှ တက်ကြွ လှုပ်ရှားသူ လူငယ်တစ်ဦးက ယခုလို ‌ပြောသည်။

“ဆန္ဒပြပွဲက‌တော့ လူစုလူ‌ဝေးဖြစ်လို့ လုပ်လို့မရဘူးတဲ့၊ ‌ဘောလုံးပွဲ‌တွေကျ‌တော့ သူတို့ ဘာမှမ‌ပြောဘူး။ ဒီလိုအချိန်မှာ ဒီလို လုပ်တာ‌တော့ လူငယ်‌တွေကို အာရုံ‌ပြောင်း တယ်လို့ပဲထင်တယ် ” ဟု ၎င်းက ‌ကေအိုင်စီသို့‌ပြောသည်။

လက်ရှိအချိန်တွင် လူငယ်အများစုသည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဆန္ဒပြပွဲများ ပူး‌ပေါင်း ပါဝင်ကြသည့်အတွက် လူငယ်များနိုင်ငံ‌ရေးဘက် စိတ်ဝင်စားမှု နည်းသွားရန် ‌ပျော်ပွဲရွှင်ပွဲဘက်ကို တစ်ဖက်လှည့် လုပ်‌ဆောင်‌နေခြင်းသာဖြစ်သည်ဟုလည်း သုံးသပ် ‌ပြောဆို‌နေမှုများလည်းရှိသည်။

မတ်လနှင့် ဧပြီလအတွင်း ကရင်ပြည်နယ်ရှိ ‌ကျေးရွာအချို့တွင် ပွဲလမ်းသဘင်များ ဆက်တိုက်ကျင်းပရာတွင် ဇာတ်သဘင်အဖွဲ့ကိုငှား၍ ပွဲကျင်းပသည့်အပြင် အဆို‌တော်များကိုလည်း ဖိတ်‌ခေါ်ပြီး စတိတ်ရှိုးပွဲများ ကျင်းပသည့်အတွက် သီချင်းသွား‌ရောက် သီဆို‌ဖျော်‌ဖြေကြသည့် ကရင်အဆို‌တော်များကိုလည်း ‌ဝေဖန်မှုခံ‌နေရသည်ဟု သိရသည်။

“ဒီအချိန်မှာ အလုပ်ဖြုတ်ခံပြီး လူထုတိုက်ပွဲဝင်ရတဲ့အချိန်မှာ သူတို့က ပွဲလုပ်တာက ကျမတို့ အရမ်းရင်နာတယ်။ ဒီလိုမျိုးလုပ်တာက စစ်တပ်အကြိုက်ဖြစ်‌နေတယ်။ ကျမတို့ အတူတိုက်ပွဲဝင်ရတဲ့အချိန်မှာ ကိုယ်နဲ့ မဆိုင်သလို ‌ပျော်ပွဲရွှင်ပွဲလုပ်နိုင်တာက မဖြစ်သင့်ဘူးလို့ ကျမထင်တယ်။ ဒီအချိန်မှာ ‌ဖျော်‌ဖြေ‌ရေးအတွက် သီချင်းလိုက်ဆို‌နေတဲ့ အဆို‌တော်‌တွေကိုလည်း စစ်အာဏာရှင်‌ထောက်ခံ‌နေတဲ့ လူလို့ပဲ ကျမတို့ သတ်မှတ်ရမှာဖြစ်တယ်” ဟု ဖားအံမြို့တွင် ‌နေထိုင်ပြီး အာဏာဖီဆန်မှု (CDM) လှုပ်ရှားမှုတွင် ပါဝင်‌နေသည့် အစိုးရဝန်ထမ်းတစ်ဦးက ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် မကြာခင် ရက်ပိုင်းတွင် သကြင်္န်ကာလ ‌ရောက်ရှိ‌တော့မည်ဖြစ်သည့်အတွက် တိုင်ပြည်တစ်ဝှမ်းလုံးရှိ လူထုများ ပူ‌ဆွေး‌သောက ‌ရောက်သည့်အချိန်တွင် သကြင်္န်ပွဲ‌တော် ပါဝင်ဆင်နွှဲမှု မပြုလုပ်ရန် စစ်တပ်အာဏာရှင် ကျဆုံး‌ရေး ‌တော်လှန်‌နေသည့် ပြည်သူလူထုများက အသိ‌ပေးနှိုး‌ဆော်ချက် ထုတ်ပြန်မှုများရှိသလို ကရင်ပြည်နယ် ဖားအံနှင့် မြဝတီမြို့မှ စစ်အာဏာရှင် ဆန့်ကျင်သည့် လူထုများလည်း အလားတူ နှိုး‌ဆော်ချက် ထုတ်ပြန်ခဲ့ကြသည်။