ဧပြီလ ၇ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်များ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘေးလွှတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ် ရှောင်ကရင်ပြည်သူများမှာ အစားအသောက်၊ ကျန်းမာရေးနှင့် နေထိုင်ရေးတို့ အရေးတကြီးလိုအပ်နေကြောင်း ကေအိုင် စီက ဆက်သွယ်သိရှိရသည်။
စစ်ရှောင်ရွာသားများနှင့်အတူ ရှိနေသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၏ ကျန်းမာ ရေးတာဝန်ခံ ဆရာစောညွှန့်ဝင်းက ၎င်းတို့ခရိုင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် အစားအသောက်နှင့် ကျန်းမာရေးပိုင်းမှာ ပို၍ အရေးကြီးကြောင်း ယခုလို ပြောသည်။
“နေထိုင်တာကတော့ အဆင်ပြေသလို နေလို့ရနေသေးတယ်။ ပိုပြီး အရေးတကြီး လိုအပ်တာကို ပြောရရင်တော့ အစား အစာနဲ့ ကျန်းမာရေးကဏ္ဍပါပဲ။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
လတ်တလောအချိန်တွင် ဒေးပူနိုကျေးရွာ အပါအဝင် ၎င်းနယ်မြေတခွင်ရှိ စစ်ဘေးရှောင်နေကြရသူများမှာ အစားအစာ နှင့် ဆေးဝါးမလုံလောက်မှုများ ရှိနေသည်ဟုလည်း ဆက်လက်ပြောဆိုသည်။
အဆိုပါနယ်မြေများတွင် ပြီးခဲ့သည့် မတ်လ ၂၇ရက် ညအချိန်မှစ၍ မတ်လ ၃၁ရက်နေ့အထိ စစ်ကောင်စီ၏ တိုက်လေ ယာဉ်များက ဝင်ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနေအိမ်များနှင့် စာသင်ကျောင်းများ အများအပြား ပျက်စီးသွားခဲ့သည်။ သို့သော် ဧပြီလဆန်းတွင် လေယာဉ်ဝဲပျံမှုများရှိပြီး တိုက်ခိုက်မှုမရှိတော့သော်လည်း စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များသည် ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ၌ မြေပြင်စစ်ရေးလှုပ်ရှားမှုများရှိကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှ သိရသည်။
အလားတူ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းအနီးရှိ လေယာဉ်ဗုံးကြဲမည့်ရန်မှ တစ်ပတ်ကျော်ကြာ ဘေးကင်းရာ တိမ်းရှောင်နေကြသည့် မယ်ညူထာ့၊ ဟိုကေကျေးရွာနှင့် အီတူးထာ့ရွာမှ ကရင်ပြည်သူများမှာလည်း အစားအစာနှင့် ဆေးဝါးကူညီမှု လိုအပ်နေကြောင်း သိရသည်။
မတ်လ ၂၈ရက် နေ့လည်က စတင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် အဆိုပါနယ်စပ်ဒေသခံများမှာ ထိုင်းဘက်ခြမ်းသို့ ကူးဖြတ်ဝင်ရောက်ခိုလှုံခဲ့သော်လည်း ထိုင်းဘက်က လက်မခံဘဲ တားဆီးခဲ့သည့်အပြင် နေရပ်ပြန်ပို့ခံခဲ့ရသည့်အတွက် လုံခြုံစိတ်ချစွာ နေထိုင်ရေးမှာလည်း ခက်ခဲပြီး ကျန်းမာရေးအတွက် ဆေးဝါးအနည်းငယ်သာ အကူအညီ ရရှိသေး ကြောင်း အီတူးထာ့ရွာသူ ကရင်အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
သူမက “ပစ္စည်းတွေကတော့ သောလယ်ထာ့ရွာက လှေရှိတဲ့ ရွာသားတွေပဲ လာပို့ပေးတာပါ။ ခုတော့ သွားလာတာ မလွယ်လို့ နည်းနည်းတော့ ခက်တယ်။ ဝင်ငွေလည်း မရှိဘူး။ မိုးကလည်း ရွာလာတော့ နေအိမ်တွေအောက်မှာ ပြန်နေ ရတယ်။ ခလေးငယ်တွေနဲ့ မိသားစုတွေကတော့ ဗုံးခိုကျင်းထဲမှာပဲ နေရတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းနယ်စပ်နေ ပြည်သူများအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများကို ပို့ဆောင်ရန် ထိုင်းအာဏာပိုင်များ၏ ခွင့်ပြုချက် မရသဖြင့် ထိုင်းနိုင်ငံ၊ မဲ့စရင်းမြို့နယ် သံလွင်မြစ်ကမ်းနံဘေးရှိ သောလယ်ထာ့ကျေးရွာတွင် ကြန့်ကြာခဲ့ပြီးနောက် ဧပြီ လ ၆ရက်နေ့တွင် ၎င်းရိက္ခာပစ္စည်းများနှင့် အမိုးအကာအချို့ကို စစ်ဘေးရှောင်ပြည်သူများထံ ပို့ဆောင်ရန် ထိုင်းအာ ဏာပိုင်များက ခွင့်ပြုခဲ့သည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ပြောသည်။
ထို့အပြင် လေယာဉ်ဖြင့် စစ်တပ်က လာရောက်တိုက်ခိုက်မည်ကို ထိတ်လန့်နေကြသည့် အီတူးထာ့ရွာသူရွာသားများမှာ သစ်ပင်၊ ဝါးပင်ကြား ခိုလှုံနေကြရပြီး နာမကျန်းဖြစ်သူများရှိသလို ဧပြီလ ၅ရက်နေ့က ကျန်းမာရေးမကောင်းသူ အီတူး ထာ့ရွာသားတစ်ဦးမှာ ပြေးလွှားပုန်းရှောင်းရင်း နေပူပြင်းသည့်ဒဏ်ကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ကေအဲန်ယူ၊ မူတြော်ခရိုင်အတွင်းရှိ လူသော၊ ဘူးသိုနှင့် ဒွယ်လိုးမြို့နယ် ၃ခုရှိသည့်အနက် ဒွယ်လိုးမြို့နယ်တွင် စစ်ဘေး ရှောင်များ ပိုများသည်ဟု သိရသည်။ ယခုအချိန်၌ ကရင်ပြည်နယ်မြောက်ပိုင်း မူတြော်ခရိုင်တွင် ထွက်ပြေးပုန်းရှောင် နေရသည့် ကရင်ပြည်သူ ၂၀,၀၀ဝနီးပါးရှိကြောင်း Free Burma Ranger (FBR)က ဧပြီ ၅ရက်နေ့တွင် သတင်းထုတ် ပြန်ခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီသည် ၂၀၂၁ခုနှစ်၊ ဧပြီလ ၁ရက်မှ ၃ဝရက်နေ့အထိ တစ်လတာ အပစ်ရပ်ကြောင်း မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့တွင် ကေအဲန်ယူ တပ်မဟာ(၅)အပြင် အခြားတပ်မဟာများတွင် ချဉ်းနင်း ဝင်ရောက်လာနေကြောင်း ကေအဲန်ယူဘက်က သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် ယခုရက်ပိုင်းအတွင်း ကေအဲန်ယူ တပ်မဟာ(၁)နှင့် တပ်မဟာ(၆)နယ်မြေများ၌လည်း KNLA-ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်နှင့် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး အရပ်သား များ ထိခိုက်သေဆုံးမှု ရှိနေသည်။