Home သတင်း ‌စောလင်းထက်ကို ဖမ်းဆီးမှု နိုင်ငံတွင်းနှင့်နိုင်ငံတကာဥပ‌ဒေများကိုချိုး‌ဖောက်ခြင်းဖြစ်သည်ဟု Mahidol တက္ကသိုလ် IHRP ဌာန‌ပြော

‌စောလင်းထက်ကို ဖမ်းဆီးမှု နိုင်ငံတွင်းနှင့်နိုင်ငံတကာဥပ‌ဒေများကိုချိုး‌ဖောက်ခြင်းဖြစ်သည်ဟု Mahidol တက္ကသိုလ် IHRP ဌာန‌ပြော

2962

မတ်လ ၂၆ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်လူငယ်တက်ကြွလှုပ်ရှားသူ ‌စောလင်းထက်ကို ဖမ်းဆီးခြင်းသည် နိုင်ငံတွင်းနှင့် နိုင်ငံ တကာ ဥပ‌ဒေများကို ချိုး‌ဖောက်ခြင်းဖြစ်သည်ဟု သူတက်‌ရောက်ပညာသင်ကြား‌နေသည့် ထိုင်းနိုင်ငံရှိ Mahidol တက္ကသိုလ်မှ လူ့အခွင့်အ‌ရေးနှင့်ငြိမ်းချမ်း‌ရေး‌လေ့လာမှုဌာန (IHRP)က မတ်လ ၂၄ ရက်‌နေ့တွင် ‌ပြောဆိုခဲ့သည်။

မတ်လ ၂၃ရက် ၊ မွန်းလွဲပိုင်းက အစည်းအ‌ဝေးပွဲမှ ပြန်လာသည့် ‌စောလင်းထက်၏ကားကို စစ်‌ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်‌ဆေးရာတွင် ကားထဲ၌ စစ်‌ကောင်စီကို ဆန့်ကျင်သည့် စာရွက်စာတမ်းအချို့ပါသည်ဟုအ‌ကြောင်းပြချက်ဖြင့် ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး The Institute of Human Rights and Peace Studies (IHRP), Mahidol University က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ‌ရေးသား‌ဖော်ပြ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

သူ့ကိုဖမ်းဆီးပြီး‌နောက် ဖားအံ‌တောင်က‌လေးအကျဉ်း‌ထောင်သို့ ပို့‌ဆောင်လိုက်ပြီး မတ်လ ၂၅ရက်‌နေ့တွင် ရုံးထုတ်ကာ ဧပြီ ၆ ရက်တွင် ထပ်မံရုံးချိန်းလိုက်သည်ဟု သိရသည်။

‌စောလင်းထက် အဖမ်းခံရခြင်း၏အ‌ကြောင်းပြချက်များမှာ ‌မေးခွန်းထုတ်စရာဖြစ်‌စေပြီး တရား‌ရေးဆိုင်ရာအကြံဉာဏ်ရယူခွင့်ကိုလည်း မြန်မာလုံခြုံ‌ရေးတပ်ဖွဲ့များက ငြင်းဆန်ခဲ့သည်ဟုလည်း IHRPက ‌ပြောသည်။

ထို့အပြင် မြန်မာလုံခြုံ‌ရေးတပ်ဖွဲ့အ‌နေဖြင့် အာဆီယံလူ့အခွင့်အ‌ရေး‌ကြေညာစာတမ်းတွင် အသိအမှတ်ပြုထားသည့် နိုင်ငံတကာစံနှုန်းများကို‌လေးစားလိုက်နာသင့်သလို နိုင်ငံ တကာအသိုင်းအဝိုင်းမှ‌မျှော်လင့်ထားသည့်အ‌ခြေခံအကျဆုံး စံနှုန်းများကိုလိုက်နာရန် ငြင်းဆန်သည်ကိုလက်ခံနိုင်ဖွယ်မရှိ‌ကြောင်းလည်း IHRP က ‌ရေးသား‌ဖော်ပြထားသည်။

မြန်မာလုံခြုံ‌ရေးတပ်ဖွဲ့များသည် ‌စောလင်းထက်အပါအဝင် အခြားထိန်း သိမ်းခံထားရ‌သော ငြိမ်းချမ်းစွာဆန္ဒပြသူများအား တရားမျှတ‌သော တရား‌ရေးဆိုင်ရာ‌ဆောင်ရွက်မှုများ မ‌ပေးနိုင်လျှင် ချက်ချင်းပြန်လွှတ်‌ပေးသင့်သည်ဟုလည်း IHRP က ဆိုသည်။

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်‌ရေး လှုပ်ရှားမှု‌ကြောင့် တက်ကြွ လှုပ်ရှားသူ လူငယ်များအပါအဝင် ဖမ်းဆီးခံရသူ စုစု‌ပေါင်း ၉ဝ ‌ကျော်ရှိသည်ဟု သိရသည်။