Home သတင်း အိမ်မဲမြို့ ကရင်လူငယ် သပိတ်စစ်‌ကြောင်း ဖြိုခွင်းခံရပြီး ၉ ဦး အဖမ်းခံရ၊ ဒဏ်ရာရသူများလည်းရှိ

အိမ်မဲမြို့ ကရင်လူငယ် သပိတ်စစ်‌ကြောင်း ဖြိုခွင်းခံရပြီး ၉ ဦး အဖမ်းခံရ၊ ဒဏ်ရာရသူများလည်းရှိ

2089

မတ် ၈ ရက် ၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ဧရာဝတီတိုင်း‌ဒေသကြီး၊ ‌မြောင်းမြခရိုင်၊ အိမ်မဲမြို့ နယ်တွင် ယ‌နေ့နံနက်ပိုင်း၌ ကရင်လူငယ်များ၏ အ‌ထွေ‌ထွေ သပိတ် ပြုလုပ်‌နေစဉ် ဝဲကြီးဝ‌ကျေးရွာ၌ ရဲများ‌ရောက်လာပြီး ပစ်ခတ်လူစုခွဲသည့်အတွက် ကနဦး ၉ ဦးအဖမ်းခံရ ကာ ဒဏ်ရာရသူများလည်း ရှိ‌ကြောင်း ဖြစ်စဉ်ကို ‌တွေ့မြင်လိုက်သည့် ‌ဒေသခံများက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ သပိတ်အဖွဲ့က ကားလမ်းမ‌ပေါ်မှာ ဆန္ဒပြ‌နေတာ‌တော့မဟုတ်ဘူး၊ အိမ်မဲ ရွာသစ်နဲ့ ဝါးခယ်မဘက်သွားတဲ့ လမ်း‌ဘေးက ဝဲကြီးဝ‌ကျေးရွာလမ်း‌ပေါ်မှာ လာဖြိုခွဲသွားတာ။ ဆန္ဒပြချီတက်‌နေချိန်မှာ ‌ရှေ့က ရဲကားတစ်စီးနဲ့ အချုပ်ကားနဲ့ ‌ရောက်လာပြီး၊ ‌ရောက်‌ရောက်ခြင်း ကား‌ပေါ်က ဆင်းပြီး ပစ်တာ။ အဲချိန်မှာ လူစုကွဲသွားပြီး ကရင်လူငယ် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၄ ဦး အဖမ်းခံရတယ်” ဟု သပိတ်ဖြိုခွဲမှုကို ‌တွေ့မြင်ရသူတဦးက ‌ပြောသည်။

ယခုလို ဖမ်းဆီးသွားသည့် ကရင်လူငယ် ၉ ဦးကို ‌မြောင်မြနှင့် ပုသိမ်မည်သည့်မြို့သို့ ဖမ်းဆီးသွားသည်ကို မသိရှိ ရ‌သေးသလို ရဲများက ရာဘာကျည်ဖြင့် ပစ်ခတ်သည်ဟု ယူဆရပြီး ဒဏ်ရာရရှိသူ ဦး‌ရေကိုလည်း ‌မေးမြန်း‌နေဆဲ ဖြစ်သည်ဟု ‌ဒေသခံ ကရင်လူငယ်များထံမှ သိရသည်။

အဆိုပါ ဆန္ဒထုတ်‌ဖော်ပွဲတွင် ‌ဒေသခံ စုစု‌ပေါင်း အင်အား ၁၀ဝ ‌ကျော်နှင့် သပိတ်စစ်‌ကြောင်း‌နောက်တွင် ဆိုင်ကယ်များဖြင့် လိုက်ပါလာသူများလည်းရှိသည်ဟု သိရပြီး ဖြိုခွဲခံရချိန်တွင် ဆိုင်ကယ်များ ထားကာ ထွက်‌ပြေးသည့်အတွက် ကျန်ခဲ့သည့် ဆိုင်ကယ်များကိုလည်း ရဲများက သိမ်းယူသွားသည်ကို ‌တွေ့ရသည်ဟု မျက်မြင်‌ဒေသခံ တဦးက ‌ပြောသည်။

ဧရာဝတီ ကရင်လူငယ် အ‌ထွေ‌ထွေသပိတ် စစ်‌ကြောင်းသည် မတ် ၈ ရက်‌နေ့တွင် အိမ်မဲမြို့နှင့် ပန်းတ ‌နော်မြို့နယ် တို့တွင် အာဏာရှင်စနစ် ဖျက်သိမ်း‌ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေဖျက်သိမ်း‌ရေး၊ ဖက်ဒရယ် ဒီမိုက‌ရေစီ ပြည်‌ထောင်စု ‌ပေါ်‌ပေါက်‌ရေးနှင့် မတရားဖမ်းဆီးခံရသူများ လွှတ်‌မြောက်‌ရေး စသည့် ‌ကြွေး‌ကြော်သံများ ‌ကြွေး‌ကြော် ကာ ချီတက်ဆန္ဒပြ ခဲ့ကြသည်။